အသက်ငါးဆယ်ကျော် အမျိုးသမီးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိ

0
1193

ကော့သောင်းမြို့နယ်တွင် အသက်ငါးဆယ်ကျော် အမျိုးသမီးတစ်ဦးထံမှ စိတ်ကြွဆေးပြား သုံးထောင်ကျော် ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။


ကော့သောင်းမြို့နယ်၊ ထုံပရိကျေးရွာအနီးရှိ အထက်ပါ အမျိုးသမီးနေထိုင်သည့်အိမ်ကို မေလ ၁၉ ရက်နေ့က မူးယစ်ဆေးသတင်းအရ ဝင်ရောက်ရှာဖွေခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ထိုသို့ဝင်ရှာစဉ် အသက် ၅၃ နှစ်ရှိ အဆိုပါအိမ်ရှင်အမျိုးသမီးနှင့်အတူ ရွှေပြည်သာရပ်ကွက်နေ အသက် ၃၉ နှစ်အရွယ် အမျိုးသားတစ်ဦးကိုတွေ့ရကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ထိုအိမ်အားရှာဖွေရာ WY စိတ်ကြွဆေး ၃၁၇၂ ပြားနှင့် ဆေးရှူကိရိယာနှစ်ခုကို တွေ့ရှိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။


ယင်းနောက် အိမ်ရှင်အမျိုးသမီးအားစစ်ဆေးရာ မူးယစ်ဆေးများကို အထက်ပါ အမျိုးသားက ယူလာသည်ဟု ထွက်ဆိုသဖြင့် ယင်းအမျိုးသားကို ဆက်လက်စစ်ဆေးခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။


ထိုသို့စစ်ဆေးရာ မူးယစ်ဆေးများကို အမည်မသိအမျိုးသားတစ်ဦးထံမှ ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ထွက်ဆိုကြောင်း ရဲမှတ်တမ်းအရ သိရသည်။


မူးယစ်ဆေးဖမ်းမိမှုနှင့်ပတ်သက်၍ အထက်ပါအမျိုးသမီးနှင့် အမျိုးသားကို သက်ဆိုင်ရာမူးစိတ်ပုဒ်မဖြင့် မာရမ်းနယ်မြေရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။