ထားဝယ်ခရိုင်အတွင်း ဧပြီ ၁ မှစ၍ ဆိုင်ထိုင်ခွင့်မပြုတော့ ပါဆယ်သာ ရမည်

0
396

ထားဝယ်ခရိုင်အတွင်းရှိ စားသောက်ဆိုင်၊ ထမင်းဆိုင်၊ လက်ဖက်ရည်ဆိုင်များတွင် ဆိုင်ထိုင်စားသည့်စနစ်ဖြင့် ရောင်းချပါကအရေးယူမည်ဖြစ်ကြောင်း ခရိုင် Covid-19 ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ထုတ်ပြန်လိုက်သည်။


အဆိုပါဆိုင်များတွင် ပါဆယ်စနစ်ဖြင့်သာရောင်းချရမည်ဖြစ်ပြီး ဖောက်ဖျက်ပါက ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း မတ်လ ၃၀ ရက်က သက်ဆိုင်ရာမြို့နယ်များကို စာထုတ်ညွှန်ကြားခဲ့သည်။


ထိုသို့ အရေးယူမည့်အကြောင်းကို သက်ဆိုင်ရာမြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ကျယ်ကျယ်ပြန့်ပြန့် အသိပေးသွားရန်လည်း ဆော်ဩထားသည်။


လူစုလူဝေးနှင့် လူထူထပ်သည့် နေရာများဖြစ်နိုင်သည့် စားသောက်ဆိုင်၊ ထမင်းဆိုင်၊ အရက်ဆိုင်၊ ဘီယာဆိုင် လက်ဖက်ရည်ဆိုင်များအပြင် ဒေသတွင်းကျယ်ပြန့်စွာရောင်းချနေသည့် ထားဝယ်မုန့်လက်သုပ်ဆိုင်အပါအဝင် ဆိုင်အားလုံးအကျုံးဝင်ကြောင်း ထားဝယ်ခရိုင်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။


“စည်ပင်ကိုကြီးကြပ်ခိုင်းထားတယ်။ ဆိုင်တွေက သူတို့ဆီမှာမှတ်ပုံတင်ရတာကိုး”ဟု ၎င်းက ဆိုသည်။


တနင်္သာရီတိုင်းအတွင်း အလှူ၊ မင်္ဂလာဆောင်၊ ဘာသာရေးပွဲတော်/ အခမ်းအနားများ မလုပ်ရန်နှင့် ဖောက်ဖျက်ပါက ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်းရေးဥပဒေဖြင့် ထိထိရောက်ရောက် အရေးယူမည်ဖြစ်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် အသိပေးရန် မတ်လ ၂၈ ရက်တွင် တိုင်းအစိုးရက ခရိုင်အုပ်ချုပ်ရေးမှူးများကို ညွှန်ကြားထားခဲ့သည်။