ကိုဗစ်ဂယက်ကြောင့် ဆံသလုပ်ငန်း ဝင်ငွေ ထက်ဝက်ကျဆင်း

0
1211

ကိုရိုနာရောဂါဂယက်ကြောင့် အခြားစီးပွားရေးလုပ်ငန်းများ ထိခိုက်နေချိန်တွင် ထားဝယ်ဒေသရှိ ဆံသဆိုင်လုပ်ငန်းများလည်း ပါဝင်သည်။


ကိုရိုနာဂယက်မတိုင်မီကတစ်ရက်လျှင် ဆံပင်လာညှပ်သူဦးရေ ၃၀ ခန့်ရှိရာမှ လက်ရှိတွင် ၁၀ ဦးကျော်သာရှိတော့ကြောင်း ထားဝယ်မြို့ဝဲကျွန်းရပ်ကွက် ဇမ္ဗူဆံသဆိုင်မှ ကိုမျိုးမင်းလွင်က ဆိုသည်။


“တကယ်က ဒီလိုချိန်ဆို အရမ်းစည်နေတာ။ သင်္ကြန်နားနီးနေတာကို”ဟု ကိုမျိုးမင်းလွင်က ပြောသည်။


ဇမ္ဗူဆံသဆိုင်နည်းတူ အခြားဆံသဆိုင်များတွင်လည်း ဆံပင်လာညှပ်သူဦးရေ ထက်ဝက်ကျော်ကျဆင်းလာကြောင်း ပြောကြသည်။


ထားဝယ်မြို့၊ မီးသတ်လမ်းဆုံရှိ ဆန်းK ဆံသဆိုင်ပိုင်ရှင်ဖြစ်သူ ကိုဆန်းကိုကလည်း လက်ရှိတွင် ပုံမှန်ဖောက်သည်အနည်းငယ်သာ လာညှပ်ကြတော့သည်ဟု ဆိုသည်။


ဆံပင်ညှပ်ပေးရာတွင်လည်း စိတ်မလုံခြုံမှုများခံစားရပြီး ဖောက်သည်မဟုတ်ပါက ပိုမိုထိတ်လန့်နေရသည်ဟု ၎င်းက ပြောသည်။


“အလုပ်များတာကိုလည်း မကြိုက်ဘူး။ ဆိုင်ခန်းခတွေနဲ့ မဖြစ်မနေလုပ်နေရတဲ့ ပုံစံမျိုးပေါ့ခင်ဗျား။ စိတ်ကတော့ မရှိတော့ဘူး”ဟု ကိုဆန်းကိုက ဆိုသည်။


ထားဝယ်မြို့ရှိ အမျိုးသားဆံသဆိုင်များ ဝင်ငွေကျလာသည့်နည်းတူ အမျိုးသမီးဆံပင်ဖြောင့်၊ ညှပ်ဆိုင်အချို့ပိတ်ထားသည်ကို တွေ့ရသည်။