ထားဝယ် လေယာဉ်ကွင်းလမ်းတစ်လျှောက် LED မီးတိုင် တစ်ဆယ်ကျော် တပ်ဆင်မည်

0
476

ထားဝယ် လေယာဉ်ကွင်းလမ်းတစ်လျှောက်တွင် အလင်းအားကောင်းသည့် LED မီးတိုင် ၁၁ တိုင် တပ်ဆင်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
လေယာဉ်ကွင်းလမ်းတစ်လျှောက်တွင် မှောင်နေပြီး ယခင်စိုက်ထူထားသည့် မီးတိုင်များမှာလည်း အလင်းရောင်ကောင်းစွာမရှိသဖြင့် သာမန်ထက်အလင်းအားကောင်းသည့် LED မီးတိုင်များကို တပ်ဆင်သွားမည်ဖြစ်ကြောင်း အထက်ပါကော်မတီ အတွင်းရေးမှူး ဦးကျော်ကျော်ဦးက ပြောသည်။


“လေယာဉ်ကွင်းလမ်းကြီးက တော်တော်များများက မှောင်နေတယ်လေ။ အခုထွန်းထားတာတောင် မှောင်နေတယ်လေ။ အဲတော့ အလင်းအားကောင်းတဲ့ မီးသီးလုံးတွေနဲ့ ထပ်ထွန်းပေးမယ်ပေါ့”ဟု ဦးကျော်ကျော်ဦးက ဆိုသည်။


လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူလူထုတို့မှတင်ပြတောင်းဆိုမှုအရ ယင်းသို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။


မီးတိုင် ၁၁ တိုင် တပ်ဆင်ရန်အတွက် ငွေကျပ် ၁၄၇ သိန်းသုံးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အင်ဂျင်နီယာမှူး ဦးအောင်ကိုဦးက ပြောသည်။


“သိပ်မကြာတော့ဘူး။ ပစ္စည်းတော့ရောက်နေပြီ။ ဒီလကုန်လောက် တပ်ဖြစ်မှာပါ” ဦးအောင်ကိုဦးက ဆိုသည်။


ထို့အပြင် ထားဝယ်မြို့နယ်အတွင်းရှိ လမ်းဆုံလမ်းခွနေရာ ခုနစ်ခုတွင်လည်း LED မီးတိုင် ခုနှစ်တိုင် တပ်ဆင်မည်ဖြစ်ကြောင်း ထားဝယ်မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးထံမှ သိရသည်။

မိုးမြင့်