နွေရာသီ အားလပ်ရက်ကိစ္စ ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂ မကျေနပ်

0
756

ယခုနှစ် တက္ကသိုလ်ဆရာ၊ ဆရာမများအတွက် ပညာရေးဝန်ကြီးဌာနက သတ်မှတ်ပေးသော နွေရာသီအားလပ်ရက် ကိစ္စကို မကျေနပ်သဖြင့် ယင်းကိစ္စအား နိုင်ငံတော် မူဝါဒနှင့်အညီ ပြင်ဆင်သတ် မှတ်ပေးရန် ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂက မတ်လ ၂၈ ရက်က ကြေညာချက်ထုတ်ပြန် လိုက်သည်။

ပုံမှန်အားဖြင့် တက္ကသိုလ်ဆရာ၊ ဆရာများများကို သင်္ကြန်ဆယ်ရက်ပိတ် ပြီးပါက ဧပြီလ ၁၈ ရက်မှ မေလ ၁၈ ရက် အထိ တစ်လကို နွေရာသီအားလပ်ရက် အဖြစ် ထပ်ပိတ်ပြီး ပိတ်ရက် စုစုပေါင်း ရက်လေးဆယ်ရှိကြောင်း ထားဝယ်တက္ကသိုလ် ဆရာများသမဂ္ဂ ဥက္ကဋ္ဌ ဒေါက်တာရီရီရွှေက ပြောသည်။

ယခုနှစ်တွင်မူ ကိုရိုနာဂယက်ကြောင့် ဟုဆိုကာ မတ်လ ၃၀ ရက်မှ ဧပြီလ ၂၉ ရက်အထိ စုစုပေါင် ၃၁ ရက် ကိုသာ နွေရာသီအားလပ်ရက်ဟု ပညာရေး ဝန်ကြီး ဌာနက သတ်မှတ်ခဲ့ခြင်း ဖြစ်သည်။

“အခုသူတို့ပိတ်တဲ့ပုံစံက သင်္ကြန် (ပိတ်ရက်ကို) ရောထည့်လိုက်တာကြောင့် တစ်လပဲရတာလေ။ သင်္ကြန်ဆယ်ရက် နာသွားတာပေါ့။ အဲတာကို မကျေနပ်တာ”ဟု ဒေါက်တာရီရီရွှေက ဆိုသည်။

အခြားတက္ကသိုလ်များရှိ ဆရာများသဂ္ဂ ၁၂ ခုကလည်း ပညာရေးဝန်ကြီးဌာန၏ နွေရာသီကျောင်းပိတ်ရက်ကို ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ကြမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နိုင်ငံ့ဝန်ထမ်းများ၏ တရားဝင် ရုံးပိတ်ရက် ခံစားခွင့်များသည် အစိုးရရုံး ပိတ်ရက်နှင့် တိုက်ဆိုင်နေပါက အခြား တစ်ရက်ကို အစားထိုးခံစားစေသည့် အစိုးရက မူဝါဒကို ၂၀၀၉ ခုနှစ်မှစတင် ကျင့်သုံးနေသဖြင့် အဆင့်မြင့်ဦးစီးဌာန အနေဖြင့်လည်း အစိုးရမူဝါဒနှင့်အညီ အမြန်ဆုံး ပြင်ဆင်သတ်မှတ်ပေးရန် တိုက်တွန်းကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

ကျော်သူစိုး