မင်္ဂလာဆောင်၊ အလှူ၊ ဘာသာရေးအခမ်းအနားများ လုံး၀မလုပ်ရ၊ ဥပဒေအရ စတင်အရေးယူမည်

0
293

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တားဆီး ရေးနိုင်ရေးအတွက် မင်္ဂလာဆောင်၊ အလှူနှင့် ဘာသာရေးအခမ်းအနားများ လုံး၀မလုပ်ရန် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့က မတ်လ ၂၈ ရက်နေ့က ညွှန်ကြားလိုက်သည်။

ထိုညွှန်ကြားချက်ကို မလိုက်နာပါ က ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေးဥပဒေဖြင့် အရေးယူမည့်အကြောင်း ကျယ်ပြန့်စွာ အသိပေးသွားမည်ဖြစ် ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။

“မင်္ဂလာဆောင်တို့၊ ပွဲလမ်းသဘင် တို့ ဘာတို့မလုပ်ဖို့ပေါ့။ လုံး၀မလုပ်ဖို့ ပေါ့။ လုပ်မယ်ဆိုရင် ကူးစက်ရောဂါ ဥပဒေရှိတာပဲ။ အဲဒီဥပဒေနဲ့ အရေးယူမှာပေါ့။ အဓိကကတော့ သူတို့လည်း လိုက်နာဖို့လိုတယ်လေ။ ဒီကိစ္စကို ဒီအချိန်မှာ”ဟု ၎င်းကဆိုသည်။

ဘာသာရေး အခမ်းအနားဆိုသည် မှာ ဘာသာအလိုက် စုပေါင်းရှိခိုး ဝတ်ပြု ခြင်းများ၊ ဘုရားထီးတင်ပွဲ၊ ရဟန်းခံ ရှင်ပြုခြင်း စသည့် လူစုလူဝေးများ ပါဝင် ကြောင်း ဦးအောင်စိုးမိုးက ရှင်းပြသည်။

ထိုအခမ်းအနားများ မလုပ်ရန်နှင့် မလိုက်နာဘဲပြုလုပ်ပါက အရေးယူခံရ မည့်အကြောင်း ခရိုင်အုပ်ချုပ်ရေးမှူးများ က သက်ဆိုင်ရာမြို့နယ် အုပ်ချုပ်ရေးမှူး များကို ထပ်ဆင့်အသိပေးရန် တိုင်း အစိုးရအဖွဲ့က ခရိုင်အုပ်ချုပ်ရေးများကို မတ်လ ၂၈ ရက်တွင် ညွှန်ကြားထားသည်။

ညွှန်ကြားချက်ကို မလိုက်နာပါက သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး များက တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ဦးအောင်စိုးမိုးက ဆိုသည်။

“ကိုယ့်ရဲ့အတ္တတစ်ခုကို ရှေ့တန်း မတင်ဖို့ လိုတာပေါ့။ ကူးစက်ရောဂါ ဥပဒေလည်း ရှိပြီးသားပဲ။ လိုက်မနာဘူး ဆိုရင်တော့ အဲဒီဥပဒေနဲ့ အရေးယူလို့ရ တယ်လေ”ဟု ၎င်းက ပြောသည်။

နာရေးကဲ့သို့သော ကိစ္စရပ်များကိုမူ လူအနည်းဆုံးဖြင့် ကျင်းပရမည်ဖြစ်သည်။

မင်္ဂလာဆောင်၊ အလှူကဲ့သို့သော လူစုလူဝေး အခမ်းအနားများ မလုပ်ရန် အစိုးရအဖွဲ့က မတ်လ ၂၁ ရက်က ညွှန်ကြားထားသော်လည်း အချို့ကျေးရွာ များတွင် ပြုလုပ်ဆဲ ဖြစ်သည်။ ထိုသို့ ပြုလုပ်နေဆဲ တွေ့ရှိရသဖြင့် ရက်ရွှေ့ဆိုင်း ရန်နှင့် ညွှန်ကြားချက်ကို တိကျစွာ လိုက်နာရန် တိုင်းဒေသကြီး လူမှုရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးဟိုပင် လက်မှတ်ရေးထိုးကာ မတ် ၂၈ ရက်တွင် ထပ်မံ ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ကော့သောင်းမြို့နယ်တွင်မူ စား သောက်ဆိုင်များတွင် ထိုင်စားခွင့်မပြု တော့ဘဲ ပါဆယ်သာ ခွင့်ပြုထားသည်။ စားသောက်ဆိုင်များနှင့် ပတ်သက်ပြီးလည်း ညွှန်ကြားချက် ထပ်ထွက်လာရန် ရှိကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောသည်။

“စားသောက်ဆိုင်တွေနဲ့ ပတ်သက် ပြီးတော့မှ ညွှန်ကြားချက်ထုတ်စရာ ရှိတာလည်း ထပ်ထုတ်မှာပေါ့”ဟု ၎င်းက ဆိုသည်။

Dawei Watch