ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေများ တစ်လကျော် ပိတ်မည်

0
427

ကမ္ဘာအနှံ့ ဖြစ်ပွားလျက်ရှိသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ရောဂါ ပျံ့ပွားခြင်း မရှိစေရန် ထားဝယ်ခရိုင် အတွင်းရှိ လူအသွားအလာများသော ကမ်းခြေများကို မတ်လ ၂၇ ရက်မှ စ၍ ပိတ်သိမ်းရန် အစိုးရက ညွှန်ကြားလိုက်သည်။

ပိတ်သိမ်းလိုက်သော လောင်းလုံး မြို့နယ်အတွင်းရှိ နာမည်ကျော် မောင်းမကန်၊ စမ်းလှမ်း၊ တီဇစ်၊ ပညစ်၊ ဆင်ထောက်၊ ဖိုးဖိုးကျောက်၊ မြင်းခွာ အော်၊ ပါရာဒိုက် ကမ်းခြေများ အပါအဝင် ထားဝယ်ခရိုင်အတွင်းရှိ ကမ်းခြေအားလုံး ပါဝင်သည်။

မတ်လ ၂၇ ရက်မှ ဧပြီလ ၃၀ ရက် အထိ ယာယီပိတ်သိမ်းလိုက်ခြင်း ဖြစ်သည်။

ရပ်ဝေးမှ ခရီးသွားများ လူစုလူဝေး ဖြင့် လာရောက်မည်စိုးသောကြောင့် ထိုသို့ ပိတ်သိမ်းရန် ညွှန်ကြားလိုက်ခြင်း ဖြစ်ကြောင်း ထားဝယ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးက ပြောကြားသည်။

“ကမ်းခြေအားလုံးပါတယ်။ ကမ်းခြေ ပိတ်တယ်ဆိုတာ ဆိုင်တွေအကုန်လုံး ပိတ်တာပေါ့။ အကုန်လုံးပိတ်မှပဲ ကျန် တဲ့သူတွေလည်း မလာမှာပေါ့။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ ကမ်းခြေပိတ်တယ် ဆိုတာ ဒေသခံတွေတော့ သွားတာ လာတာရှိကောင်းရှိမှာပေါ့”ဟု ၎င်းက ဆိုသည်။

အဓိကအားဖြင့် ကမ်းခြေများတွင် ရောင်းချနေသော ဆိုင်များ ပိတ်သိမ်း ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သို့သော် ဒေသခံရွာသားများ လုပ် ကိုင်စားသောက်ရန် ကမ်းခြေသို့ သွား လာခြင်းကိုမူ တားမြစ်ခြင်း မရှိပေ။

ထိုသို့ထုတ်ပြန်ပြီးနောက် မောင်းမ ကန်ကမ်းခြေတွင် ဆိုင်အားလုံး ပိတ်သိမ်း လိုက်ပြီဖြစ်ပြီး မတ်လ ၂၈ ညနေပိုင်းက လူငယ်အုပ်စု တစ်စု နှစ်စုကိုသာ တွေ့ရသည်။ ယင်းအပြင် ကမ်းခြေသဲသောင် တွင် လမ်းလျှောက်သူ၊ ရေကူးသူ အနည်းငယ်ကိုလည်း တွေ့ရသည်။

ဆိုင်များ ပိတ်ရမည်ဟု လိုက်လံကြေညာပြီးနောက် ဆိုင်အကုန်ပိတ်လိုက်ကြပြီး ဧပြီ ၃၀ ထိ ပိတ်ရမည်ဟု သိရှိထားကြောင်း ကမ်းခြေစားသောက် ဆိုင်ရှင်တစ်ဦးက ပြောဆိုသည်။

“နယ်ဝေးဧည့်သည်တွေကို မလွှဲ တောင်ကနေ ပြန်လွှတ်တယ်ကြားက တည်းက ကမ်းခြေမှာ လူမရှိတော့ဘူး။ ရပ်နီး ဧည့်သည်လည်း မလာကြဘူး။ ဒီနေ့ဆို ဧည့်သည်တောင် တစ်ယောက်မှ မတွေ့ရဘူး”ဟု ၎င်းက မတ်လ ၂၈ ရက်က ပြောသည်။

ကမ်းခြေအပေါ် လမ်းမတန်းရှိ လက်ဖက်ရည်ဆိုင်၊ KTV ဆိုင်များမှာ ဖွင့်ထားဆဲ ဖြစ်သည်။
DDPC ပိုင် ကမ်းခြေဝင်းလည်း မတ် ၂၈ ရက် ညနေပိုင်းအထိ ဖွင့်ထားဆဲ ဖြစ်သည်။

Dawei Watch