ကျွန်းစုမြို့နယ်ရှိ ရေလုပ်သားအများစု မှတ်ပုံတင်နှင့် ရေလုပ်သားကတ် မရှိ

0
516

ကျွန်းစုမြို့နယ်အတွင်း လုပ်ကိုင် နေကြသည့် ရေလုပ်သား အများစုတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြား (မှတ်ပုံတင်)နှင့် ရေလုပ်သားကတ်များ မရှိ ကြကြောင်း လွှတ်တော်ကိုယ်စားလှယ် တချို့က ပြောသည်။

အမျိုးသားလွှတ်တော် နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီရေး နှင့် လူ့အခွင့်ရေးဆိုင်ရာ ကော်မတီမှ မြိတ်ဒေသတွင်းရှိ ကျားပါးစပ်လုပ်ငန်းများအား ပြီးခဲ့သည့် လအတွင်းက သွားရောက် လေ့လာပြီးနောက် ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ရေလုပ်သား ဆယ်ယောက်မှာ မှတ်ပုံတင်ရှိတဲ့လူက နှစ်ယောက်လောက်ပဲ ရှိပြီး ရှစ်ယောက်လောက်က မရှိဘဲ ဖြစ်နေပါတယ်”ဟု စစ်ကိုင်းတိုင်းဒေသ ကြီး မဲဆန္ဒနယ်အမှတ် ၈ မှ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးကိုကိုနိုင်က ပြောသည်။

ထို့အပြင် ၎င်းတို့တွင် ရေလုပ်သား ကတ်လည်း မရှိကြကြောင်း ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဆလိုင်းမျိုးထိုက်က ပြောသည်။

“ကျွန်တော်မေးခဲ့တဲ့ ရေလုပ်သား တော်တော်များများမှာ (ရေလုပ်သားကတ်) အားလုံးက မရှိကြပါဘူး”ဟု ၎င်းက ပြောသည်။

ရေလုပ်သားကတ်နှင့် နိုင်ငံသား စိစစ်ရေးကတ်များ မရှိကြသည့်အတွက် အဆိုပါရေလုပ်သားများ တွင် အကျိုးခံစားခွင့်နှင့် အသိပညာသိမြင်ခွင့်များ နစ်နာဆုံးရှုံးနေသည်ကို တွေ့ရှိရသည်ဟု လွှတ်တော်ကိုယ်စားလှယ်များက ပြောဆိုသည်။

ကျွန်းစုမြို့နယ်သည် သွားလာရ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည်ကို မြင်တွေ့ခဲ့ရသော်လည်း ဌာနဆိုင်ရာ အနေဖြင့် အခါအားလျော်စွာ သွားရောက်၍ မှတ်ပုံတင်နှင့် ရေလုပ်သားကတ် ပြုလုပ်ပေးစေချင်ကြောင်း ၎င်းတို့က ပြောဆိုသည်။

နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးရေးနှင့် ပတ်သက်ပြီး ကျွန်းစုမြို့နယ်သည် လမ်းပန်း ဆက်သွယ်ရေး သွားလာရ ခက်ခဲခြင်း၊ ရွေ့လျားသွားလာ လုပ်ကိုင်ကြသည့် အိမ်ထောင်စု များပြား ခြင်း၊ အများစုတွင် အိမ်ထောင်စု လက်ဝယ် မရှိခြင်းတို့ကြောင့် ထုတ်ပေးရန် အခက်အခဲရှိကြောင်း မြိတ်ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဦးတင်ဇော်ဝင်းက ပြောသည်။

ထို့အပြင် ထုတ်ပေးသည့် ကတ်များကိုလည်း ထိန်းသိမ်းနိုင်မှု အားနည်းကြောင်း ဦးတင်ဇော်ဝင်းက ပြောသည်။

“ထုတ်ပေးချင်တောင်မှ တချို့ဆို ရင် ထုတ်ပေးလို့(ဥပဒေအရ) မရတဲ့ အနေအထားမျိုး တွေ့ရတယ်”ဟု ၎င်းက ပြောသည်။

ကျားပါးစပ်လုပ်ငန်းကို ကျွန်းစုမြို့ နယ်အတွင်းရှိ ကျေးရွာအများစုတွင် လုပ်ကိုင်လျက်ရှိပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ် စာရင်းအရ လုပ်ငန်းရှင် ၂၇၉ ဦးကို လိုင်စင်ချပေးထားပြီး မြေပြင်တွင် လုပ်ကိုင် နေကြသူ ယင်းထက်ပိုကြောင်း ကျွန်းစု မြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးညီညီလင်းထွဋ်က ပြောဆိုသည်။

ကိုဆန်း