ပြေးခုန်ပစ်အားကစား ပြိုင်ပွဲစည်းကမ်း ယခင်အတိုင်း သတ်မှတ်ရန် တင်ပြ

0
979

တနင်္သာရီတိုင်းအတွက် အဓိက အားထားနေရသည့် ပြေးခုန်ပစ်အားကစားပြိုင်ပွဲစည်းကမ်းကို အားကစားနှင့် ကာယပညာ ဦးစီးဌာနရုံးချုပ်က ပြောင်းလဲသတ်မှတ်လိုက်သဖြင့် ယခင် ပြိုင်ပွဲစည်းကမ်းအတိုင်းသာ ဆက်လက်ကျင်းပရန် ဇူလိုင်လလယ်က တင်ပြထားကြောင်း တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာနထံမှ သိရသည်။

ယခင်က တိုင်းနှင့်ပြည်နယ်အဆင့် ပြေးခုန်ပြိုင်ပွဲတွင် အားကစားနည်းတစ်ခုကို ပြိုင်ပွဲဝင် ကစားသမား တစ်ဦးသာ ၀င်ပြိုင်ခွင့်ရရှိရာမှ ယခုနှစ်လယ်လောက်မှစပြီး ပြိုင်ပွဲအမျိုးအစားတစ်ခုကို ပြိုင်ပွဲ ၀င်အကန့်အသတ်မရှိ ၀င်ပြိုင်ခွင့်ပြုသည်ဟု စည်းကမ်းကို ချမှတ်လိုက်ကြောင်း အထက်ပါဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးမောင်မောင်မြင့်က ပြောသည်။

ပြေးခုန်ပစ်အားကစားနည်း ဆုရွေးချယ်သည့် ပုံစံမှာ ရွှေတံဆိပ်တစ်ခုကို ငါးမှတ်၊ ငွေတံဆိပ်ကို လေးမှတ်၊ ကြေးတံဆိပ်ကို ၃ မှတ် စသည်ဖြင့် သတ်မှတ်ကြောင်း ၎င်းက ပြောသည်။

တနင်္သာရီတိုင်းသည် ပြေးခုန်ပစ် အားကစားတွင် အခြားတိုင်းနှင့်ပြည်နယ်များထက် ပိုထူးချွန်သော်လည်း ပြိုင်ပွဲ ၀င်အားကစားသမား နည်းပါးသည့်အခြေအနေတွင်ရှိကြောင်း ၎င်းက ပြောသည်။

ယင်းအတွက်ကြောင့် ကစားသမား ပေါသည့် ရန်ကုန်၊ မန္တလေးကဲ့သို့သော မြို့ကြီးများမှ ကစားသမား သုံးဦးခန့် ၀င်ပြိုင်နိုင်သဖြင့် အနည်းဆုံးကြေးတံဆိပ် နှစ်ခုရလျှင်ပင် ရမှတ် ခြောက်မှတ် ရရှိနေပြီ ဖြစ်သည်။

ကစားသမားနည်းပါးသည့် တနင်္သာရီတိုင်းမှာ ကစားနည်းတစ်ခုကို ကစားသမား တစ်ဦးသာ ၀င်ပြိုင်နိုင်မည်ဖြစ်သဖြင့် ရွှေတံဆိပ်ဆွတ်ခူး နိုင်သည်ဆိုလျှင်ပင် ရမှတ်မှာ ငါးမှတ်သာ ရရှိမည်သည်။

အားကစားနှင့် ကာပညာဦးစီးဌာနက သတ်မှတ်လိုက်သည့် ယင်းပြိုင်ပွဲ စည်းကမ်းသည် ကစားသမားနည်းပါး သည့် တိုင်းနှင့်ပြည်နယ်များအတွက် အမှတ်ရရှိမှု နည်းပြီး ကစားသမားများသည့် တိုင်းနှင့်ပြည်နယ်က အမှတ်ရရှိမှု ပိုများမည်ဖြစ်သောကြာင့် ယခင်စည်း ကမ်းအတိုင်း သတ်မှတ်ပေးရန် တင်ပြထားခြင်းဖြစ်ကြောင်း ဦးမောင်မောင်မြင့်က ပြောသည်။

“အခြားပြည်နဲ့ တိုင်းတွေကတော့ ဒီစည်းကမ်းကို သတိထားမိချင်မှ ထားမိမယ်။ တို့တိုင်းအတွက်ကတော့ ဒီကစားနည်းက အဓိက အားထားရတဲ့ ကစားနည်း ဖြစ်နေလို့ စာဝင်တာတဲ့ သေချာဖတ်ပြီး အရင် စည်းကမ်းတိုင်းလုပ်ဖို့ တင်ပြထားတယ်”၎င်းက ပြောသည်။

ပြေခုန်ပစ်အားကစားနည်းသည် တနင်္သာရီတိုင်းမှ နှစ်နှစ်ဆက်တိုက် စုပေါင်းတံခွန်စိုက်ဒိုင်းဆု ဆွတ်ခူးထား သည့် အားကစားနည်းတစ်ခုဖြစ်သည်။

ကျော်သူစိုး