ကျောက္ကာရွာအနီး ငါးဖမ်းလှေ နစ်မြုပ်၊ လှေသားတစ်ဦး ပျောက်ဆုံးနေ

0
686

ပုလောမြို့နယ်၊ ကျောက္ကာရွာအနီးရှိ ပင်လယ်ပြင်တွင် ကမ်းနီးငါးဖမ်းလှေတစ်စီးနစ်မြုပ်ခဲ့ပြီး အသက် ၇၀ နီးပါး အရွယ် ရေလုပ်သားတစ်ဦး ပျောက်ဆုံးနေကြောင်း ကျောက္ကာရွာသားအချို့နှင့် မြိတ်ခရိုင်ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနထံမှ သိရသည်။

သြဂုတ်လ ၂ ရက် နံနက် ၄ နာရီခန့်က လှေဦးစီးနှင့် လှေသား ၆ ဦးပါသည့် ကမ်းနီးငါးဖမ်းလှေသည် ကျောက္ကာ ရွာမှ မြိတ်မြို့သို့ ရေခဲဝယ်ရန် သွားရောက်ခဲ့ရာ ရာသီဥတုဆိုးရွားနေသည့်အတွက် ရွာအရှေ့ရှိ ကျွန်းတွင် ကျောက်ချရပ်နားနေစဉ် ရုတ်တရက်လေပြင်းတိုက်ပြီး လှေမှောက်သွားခဲ့ကြောင်း ရွာသားအချို့ ထံမှ သိရသည်။

လှေတိမ်းမှောက်မှုကြောင့် အသက် ၇၀ နီးပါးရှိ လှေသားတစ်ဦး ပျောက်ဆုံး နေပြီး ကျန်သည့်လှေသားများမှာ ထိခိုက် မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း ၎င်းတို့ထံမှ သိရသည်။

“မိုးခိုပြီးအိပ်နေတုန်း ဖြစ်သွားတာ သူ့မိသားစုနဲ့ရွာကလူတွေက ခုထိရှာနေ တုန်းပဲ မတွေ့သေးဘူး”ဟု ကျောက္ကာ ကျေးရွာသား ဦးသန်းဦးက သြဂုတ်လ ၃ ရက် ည ၇ နာရီတွင် ပြောသည်။

လှေမှောက်သည့်နေရာသည် ရွာမှ စက်တပ်လှေဖြင့် ခုတ်မောင်းလျှင် မိနစ် ၂၀ ခန့်အတွင်းရောက်ရှိနိုင်သည့် နေရာဖြစ် ပြီး ကမ်းနီးရေတိမ်ပိုင်းလည်းဖြစ်ကြောင်း ဦးသန်းဦးက ဆိုသည်။

“လှေ၊ စက်၊ပိုက် အကုန်ပြန်ရတယ် လူကတော့ ခုချိန်ထိရှာမတွေ့သေးဘူး”ဟု ၎င်းက ပြောသည်။

ကျောက္ကာကျေးရွာတွင် အိမ်ခြေ ၇၀၀ ကျော်ရှိပြီး အိမ်ခြေ ၉၀ ရာခိုင်နှုန်းမှာ ကမ်းနီးငါးဖမ်းလှေ လုပ်ကိုင်ကြကြောင်း ကျေးရွာသားများထံမှ သိရသည်။

တနင်္သာရီကမ်းရိုးတန်းတစ်လျောက် လေတိုက်နှုန်း ၁ နာရီလျှင် မိုင် ၄၀ တိုက် ခတ်နိုင်ပြီး လှိုင်းကြီးနိုင်သဖြင့် မြိတ်မှ ကျွန်းစုမြို့သို့ ပြေးဆွဲသည့် အမြန်ယာဉ်များမှအပ တခြားခရီးသည်တင်ယာဉ်နှင့် သစ်ခွံလှေများ ပင်လယ်ပြင်သို့ လုံးဝ ထွက်ခွာခွင့်မပြုကြောင်း တနင်္သာရီတိုင်း ရေကြောင်းပို့ဆောင်ရေး ညွန်ကြားမှုဦးစီးဌာနမှ သြဂုတ်လ ၂ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။

ကိုဆန်း