ထီးထဗျူဟာစခန်းကိုလာသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရပြီး ၅၄ ယောက်လက်နက်ချ

0
792

ထိုင်း-မြန်မာနယ်စပ် ထီးထဗျူဟာစခန်းကို အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက စောင့်ကြိုတိုက်ခိုက်သဖြင့် ၆ ဦးသေဆုံးကာ ၅၄ ဦးလက်နက်ချခဲ့ကြောင်း KNLA (ကရင်အမျိုးသား လွတ်မြောက်ရေးတပ်)ထံမှသိရသည်။

ကမာပလောနယ်စပ်စခန်းကို စွန့်ခွာပြီး မောထစခန်းတွင် ခေတ္တနားနေခဲ့ပြီးနောက် ထီးထဗျူဟာစခန်းကို အင်အားပူးပေါင်းရန် ထွက်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက ဧပြီလ ၁၄ ရက် ညသန်းခေါင် ၁ နာရီခန့်တွင် ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု KNU တပ်မဟာ(၆) တပ်ရင်း ၂၇ နှင့် KNU တပ်မဟာ (၄) တပ်ရင်း(၁၂) တွဲဖက် တပ်ရင်းမှူး စောမှူးဂေက ပြောသည်။

KNLA နှင့် PDF ပူးပေါင်းတပ်များက ကြာရှည်စွာ ပိတ်ဆို့ထားမှုကြောင့် တောင်မခံနိုင်တော့သဖြင့် ထိုးဖောက်ထွက်ရာတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၅၄ ဦးလက်နက်ချ အညံ့ခံခဲ့ခြင်းဖြစ်သည်။

လက်နက်ချအညံ့ခံခဲ့သည့် စစ်ကြောင်းမှာ မြိတ်အခြေစိုက် ကမ်းရိုးတန်းတိုင်းစစ်ဌာချုပ်(ကရခ) လက်အောက်ခံ ၁၀၃ ခြေလျင်တပ်ရင်းမှဖြစ်ပြီး လက်နက်အကြီး၊ အငယ်စုစုပေါင်း ၆၈ လက်ရရှိခဲ့ကြောင်း ၎င်းက ပြောသည်။

“လက်ရှိပူးပေါင်းတပ်ဖွဲ့က ညီညွတ်နေတဲ့အချိန်မှာ ရန်သူက နောက်ထပ်ထိုးစစ်ဆင်ဖို့က ကျွန်တော်ထင်တာ မလွယ်လောက်ဘူး၊ ဘာကြောင့်မလွယ်လဲဆို ရန်သူဘက်ခြမ်းမှာ အကျအဆုံးတွေလည်း များတယ်၊ ပြီးတော့ စစ်တပ်တွေလည်း မရှိတော့ဘူး” ဟု စောမှူးဂေက ဆိုသည်။

လက်နက်ချအညံ့ခံခဲ့သူများကို KNLA တပ်ရင်း၏ နောက်တန်းစခန်းကို ပြန်လည်ပို့ဆောင်ထားပြီး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထိန်းသိမ်းထားသည်ဟု ၎င်းက ပြောသည်။

ကျောက်မဲတောင်စခန်းကိုလည်း KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီး ထိခိုက်မှုအခြေအနေကိုမူ မသိရသေးပေ။