မြဝတီ ခလရ ၂၇၅ တပ်ရင်းကို KNLAနှင့် တော်လှန်ရေးတပ်များဝင်တိုက်၊ စစ်ကောင်စီက လေကြောင်းဖြင့် ပစ်ခတ်

0
796
ပုံစာ - KNLA တပ်ဖွဲ့ဝင်အချို့ (ပုံဟောင်းဖြစ်သည်)

ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမြို့ မြဝတီအနီးက စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ ၂၇၅ ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ယနေ့ မွန်းလွဲပိုင်းတွင် စတင်တိုက်ခိုက်ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ယနေ့ ဧပြီလ ၉ ရက် မွန်းလွဲ ၁နာရီခန့်တွင် စတင်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုကာ ပြန်လည် တိုက်ခိုက်နေကြောင်း မြို့ခံအချို့က ပြောသည်။

“မြဝတီမြို့အပြင်မှာ ဖြစ်နေတာ။ ဒါပေမဲ့ ပစ်ခတ်သံတွေ အရမ်းကြားရတယ်။ အခုနားကလည်း လေယာဉ်နဲ့ ဗုံးလာကြဲတယ်” ဟု မြဝတီတွင် ရောက်ရှိနေသူတစ်ဦးက ယနေ့ ညနေ ၅နာရီခွဲဝန်းကျင်တွင် ပြောဆိုသည်။

မြဝတီမြို့ကို ဗုံးကြဲမည်ဆိုသည့် သတင်းများ ထွက်ပေါ်နေသဖြင့် စိုးရိမ်ကာ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်သို့ ပြီးခဲ့သည့် ရက်များအတွင်း တိမ်းရှောင်များ ရှိလာသလို ယနေ့ တိုက်ပွဲဖြစ်ပွားသဖြင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း မြို့ခံတစ်ဦးက ဆိုသည်။

“လူတွေ ထွက်ပြေးနေကြတယ်။ ကျွန်တော်တို့တော့ အခြေအနေစောင့်ကြည့်နေသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ် ချစ်ကြည်ရေး အမှတ် (၁) တံတား အနီးတွင် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့က တပ်ဖွဲ့ဝင် အချို့ ယနေ့မွန်းလွဲပိုင်းက နေရာယူထားသည်ကို တွေ့ရကြောင်း ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။

စစ်ကောင်စီက လေးကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်သဖြင့် နေအိမ်မီးလောင်မှုများလည်းရှိနေသည်ဟု ပြည်တွင်း သတင်းအချို့တွင် ဖော်ပြသည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ စစ်ဗျူဟာအခြေချ (သင်္ဃန်းညီနောင်) စခန်းကို KNLAနှင့် ပူးပေါင်း တော်လှန်ရေး တပ်များက ဧပြီလ ၅ရက်နေ့တွင် သိမ်းယူခဲ့ပြီး ဗျူဟာမှူးအပါအဝင် အရာရှိအဆင့်၊ တပ်သား၊ ရဲမေနှင့် မိသားစုဝင် ခြောက်ရာကျော် လက်နက်ချခဲ့သည်။

ယင်းနောက် မြဝတီ မြို့စောင့်တပ်အဖြစ်ကျန်ရှိသည့် ခလရ ၂၇၅ကိုလည်း လက်နက်ချရန်ညှိနှိုင်းနေကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။