သရက်ချောင်းမြို့ ပန်းတောရပ်ကွက်က ကျောင်းထိုင်ဘုန်းကြီးနှင့် အမျိုးသားတစ်ဦးဖမ်းဆီးခံရ

0
988
Photo - Pha Raoh

သရက်ချောင်းမြို့ ပန်းတောရပ်ကွက်က ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနှင့် အမျိုးသားတစ်ဦးတို့ကို ပြည်သူ့ကာကွယ်ရေး စစ်ကြောင်းတစ်ခုက ဧပြီလ ၇ ရက်တွင် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ပန်းတောရပ်ကွက်က ပေါက်ကိုယ်တော် (ခေါ်)‌ ‌ကျောင်းထိုင်ဘုန်းကြီးနှင့် စစ်အစိုးရလက်ထက်က အုပ်ချုပ်ရေးမှူးလုပ်ခဲ့သူ အသက် ၅၀ ကျော်အရွယ် စောအယ်ဒိုဆိုသည့် အမျိုးသားတို့ကို ဖမ်းသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

သရက်ချောင်းမြို့ပေါ်ရပ်ကွက်တစ်ခု၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကမူ သရက်ချောင်းမြို့ကို ဧပြီ ၈ ရက်နေ့တွင် ဝင်တိုက်မည်ဆိုသည့် သတင်းထွက်ပြီးနောက် ယင်းမတိုင်မီတစ်ရက်အလိုတွင် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ပြောသည်။

“ဘာလို့ဖမ်းသွားတာလဲဆိုတာတော့ မသိဘူး။ အဲ့ဒီဘုန်းကြီးက မဘသအဖွဲ့ဝင်ဘုန်းကြီးလို့တော့ပြောတယ်။ ရေကန်တောင် နားမှာ ဖမ်းသွားတာလို့ကြားတယ်။ အမျိုးသားက အရင်စစ်အစိုးရလက်ထက်တုန်းက အုပ်ချုပ်ရေးမှူးလုပ်ခဲ့ဖူးသူပဲ၊ မနေ့ မနက်ကလည်း ဆင်ကူးရွာက လမ်းမမှာ PDF တွေ ကားတာယာကွင်းတွေချပြီး ကားတွေကို စစ်ဆေးခဲ့သေးတယ်” ဟု ၎င်းက ပြောဆိုသည်။

အခုဖမ်းဆီးခံရသည့် ပန်းတောရပ်ကွက်သည် သရက်ချောင်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့မရဲစခန်း၊ မီးသတ်တပ်ဖွဲ့စသည့် ဌာနဆိုင်ရာရုံးများရှိသည့်နေရာအနီးတွင် ဖြစ်သည်။

ပန်းတောရပ်ကွက်နှင့် ဆင်ကူးမှာ ရွာချင်းကပ်ဖြစ်ပြီး ဆင်ကူးရွာက မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံး အဆောက်အအုံတွင် စစ်ကောင်စီတပ်ဖွဲ့ မကြာခဏ တပ်စွဲကာ လမ်းပိုင်းစစ်ဆေးမှုများပြုလုပ်နေသည့် နေရာဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကမူ PDF အဖွဲ့တစ်ခုက ဖမ်းဆီးသွားသည်မှာ မှန်ကန်သော်လည်း မည်သည့် အကြောင်းကိစ္စဖြင့် ဖမ်းဆီးသည်ဆိုသည့် အသေးစိတ်အချက်အလက်များကိုမူ မသိကြောင်း ပြောဆိုသည်။

သရက်ချောင်းမြို့နယ်တွင် လှုပ်ရှားနေသည့် ဖက်ဒရယ်စစ်ကြောင်းနှင့် ကျားရိုင်းပျောက်ကျားတပ်ဖွဲ့တို့ကမူ ယင်းကိစ္စကို ကြားသိရသော်လည်း အသေးစိတ် မသိရသေးကြောင်း ဖြေဆိုကြသည်။