ထားဝယ်ထောင်တွင် ဖုန်းဖမ်းမိသဖြင့် အကျဉ်းသားများကို ရိုက်နှက်စစ်ဆေး

0
704

ထားဝယ်အကျဉ်းထောင်တွင် ဖုန်းဖမ်းမိသည့်ကိစ္စဖြင့် အကျဉ်းသားနှစ်ဆယ်ကျော် ရိုက်နှက်စစ်ဆေးခံရကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်(DPPN)နှင့် အကျဉ်းထောင်နှင့်နီးစပ်သူများက ပြောသည်။

ပြီးခဲ့သည့်အပတ် (မတ်လ ၁၃ ရက်၊ ၁၅ ရက်)က ထားဝယ်ထောင်ကို စစ်ကောင်စီတပ်၊ ရဲနှင့် စရဖအထူးစစ်ဆေးရေးအဖွဲ့က ရှောင်တခင်ဝင်ရောက်စစ်ဆေးချိန်တွင် ဖုန်းတချို့ဖမ်းမိသည်ဟု ၎င်းတို့က ပြောသည်။

အကျဉ်းသား ၂၀ ကျော်ကို အပြင်းအထန်ရိုက်နှက်စစ်ဆေးခဲ့မှုကြောင့် နိုင်ငံရေးအကျဉ်းသားတချို့မှာ ခေါင်းကွဲ၊ ခြေကျိုး၊ မျက်နှာဖူးရောင်ဒဏ်ရာများနှင့် ခန္ဓာကိုယ်အညိုအမည်းစွဲဒဏ်ရာများ ရရှိခဲ့ကြောင်း DPPN က ယနေ့(မတ် ၁၉) မွန်းလွဲပိုင်းတွင် ထုတ်ပြန်သည်။

၎င်းတို့ကို သီးသန့်ခန်းတွင် တိုက်ပိတ်ထားပြီး ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ထောင်ဒဏ် ၆ လထပ်တိုးသွားနိုင်ဖွယ်ရှိသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

မတ်လ ၁၇ ရက် ညပိုင်းကလည်း အကျဉ်းသားနှစ်ဦးကို စစ်ကောင်စီတပ်သားများက ခေါင်းစွပ်အနက်ရောင်စွပ်ပြီး ထောင်ဝန်းအပြင်ဘက်ကို ခေါ်ထုတ်သွားသည်ဟု ဆိုသည်။

တိုက်ပိတ်ခံထားရသူများတွင် ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၄၆ နှစ်ချမှတ်ခံထားရသည့် ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ နိုင်ငံရေးအကျဉ်းသား ကိုထွန်းဦးလည်း ပါဝင်သည်ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။

“အရင်တုန်းကလည်း ဖုန်းဖမ်းမိတဲ့အခါ ခေါ်ထုတ်ပြီးတော့ ရိုက်နှက်စစ်ဆေးတာတွေရှိတယ်၊ ပြီးတော့ ခြေကျင်းတွေဘာတွေဝတ်ခိုင်းပြီးတော့ တိုက်ပိတ်ပြီးထားလိုက်တယ်” ဟု အထက်ပါအမျိုးသားက ဆိုသည်။

၂၀၂၃ ခုနှစ် ဇူလိုင်လနှင့် ဩဂုတ်လက ထားဝယ်အကျဉ်းထောင်ကို ဝင်ရောက်စစ်ဆေးရာတွင် မူးယစ်ဆေးနှင့် ဖုန်းအလုံးရေ ၈၀ ခန့်၊ ပစ်စတိုသေနတ်တစ်လက်နှင့် ကျည်ဆန်အချို့ သိမ်းဆည်းရရှိခဲ့သည်။

ယင်းနောက် ထားဝယ်ထောင်မှူးအပါအဝင် ထောင်အရာရှိ၊ ထောင်ဝန်ထမ်းအချို့ကို ဖမ်းဆီးထောင်ချခဲ့ပြီး လူသစ်များဖြင့် အစားထိုးခဲ့သည်။

ယင်းနောက်ပိုင်းမှစ၍ ထားဝယ်ထောင်တွင် ယခင်ကထက် အစစ်အဆေးပိုမိုတင်းကြပ်လာကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူတို့က ဆိုသည်။