အကြောင်းပြချက်မရှိဘဲ မလွှဲတောင်ဂိတ်ကို စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်

0
1891
ပုံစာ - မလွှဲတောင်ဂိတ်

မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းကြားရှိ မလွှဲတောင် စစ်ဆေးရေးဂိတ်ကို အကြောင်းပြချက်မရှိဘဲ ယနေ့(မတ် ၁၉) မနက်ပိုင်း ဂိတ်ဖွင့်ချိန်မှစပြီး စစ်ကောင်စီက ဖြတ်သန်းခွင့်ပိတ်ထားကြောင်း ဒေသခံများနှင့် ခရီးသွားများ ထံကသိရသည်။

“ မလွှဲတောင်ဂိတ်ပဲ လမ်းပိတ်တာပါ။ တချို့ကားတွေ ပြန်လှည့်ဆင်းလာကြတယ် “ ဟု ရေး-ထားဝယ်ကားလမ်းပိုင်းရှိ ရာဖူးရွာသားတစ်ဦးက ယနေ့မွန်းလွဲ ၂ နာရီခန့်တွင် ပြောသည်။

ရန်ကုန်သို့ အတက်ကားအများစုမှာ မလွှဲတောင်ခြေပတ်ဝန်းကျင်တွင် စောင့်နေပြီး တချို့လည်း ပြန်လှည့်သွားကြကြောင်း နှင့် အဆင်းကားများက ရေးမြို့အထွက်တွင်တွင် စောင့်ဆိုင်းနေဆဲဖြစ်ပြီး ယနေ့ မွန်းလွဲပိုင်းအထိ ပြန်လည်ဖြတ်သန်းခွင့်မပြုသေးကြောင်း ပိတ်မိနေသည့် ကားသမားများထံကသိရသည်။

အရေးကြီးသည်ဟု ယူဆရသော ကားအချို့သာဂိတ်ဖြတ်ခွင့် ရနေပြီး မည်သို့သောအကြောင်းပြချက်ဖြင့် ဂိတ်ပိတ်ထားကြောင်းကိုမူ မသိရဟုဆိုကြသည်။

လမ်းပိတ်ဆို့နေမှုပတ်သက်၍ မလွှဲတောင် ပတ်ဝန်းကျင် တွင် စစ်ရေးလှုပ်ရှား လေ့ရှိသည့် ဒေါနတပ်ခွဲ ၄ ထံ ဆက်သွယ်မေးမြန်းကြည့်ရာ မတ် ၁၉ ရက် မွန်းလွဲပိုင်း အထိ ၎င်းတို့တပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်စဥ်မရှိသေးကြောင်းနှင့် ထူးခြားဖြစ်စဥ်မကြားရသေးကြောင်း ယင်းတပ်ခွဲတာဝန်ရှိသူက ပြောသည်။

ရန်ကုန် – ထားဝယ် လမ်းပိုင်းအခြေအနေနှင့်ပတ်သက်၍ ရေးမြို့အထိ ပစ်ခတ်တိုက်ခိုက်မှု မရှိကြောင်း ယနေ့လမ်းပိုင်းဖြတ်သန်းမောင်းနှင်လာသည့် ရေးမြို့အထွက်တွင် စောင့်ဆိုင်းနေသူ ယာဥ်မောင်းတစ်ဦးကလည်း ပြောပြသည်။

သို့သော် ရေး-ထားဝယ်ကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ရွာတွင်မူ ယနေ့မနက်ပိုင်း က တိုက်ပွဲဖြစ်နေကြောင်း ဒေသခံများထံကသိရသည်။

မလွှဲတောင် ပိတ်ထားရသည့်အကြောင်းအရင်း နှင့် ပြန်ဖွင့်မည်အချိန်ကို သိရှိနိုင်ရန် ကားသမားများက ဂိတ်တာဝန်ရှိသူများကို မေးမြန်းရန်ကြိုးစားသော်ည်း ပြန်လည်ဖြေကြားပေးခြင်းမရှိသေးကြောင်း ကားသမားများက ပြောပြသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလနှောင်းပိုင်းတွင် မလွှဲတောင် စစ်ဆေးရေးဂိတ်ကို မွန်-တနင်္သာရီတော်လှန်ရေးအင်အားစုများ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ပြီးနောက် ယခုကဲ့သို့ဖြတ်သန်းခွင့်ယာယီပိတ်ခဲ့ပြီး နေ့စဥ်ဂိတ်ဖြတ်သန်းချိန်ကိုလည်း ၈ နာရီသာ ခွင့်ပြုတော့ကြောင်း ကားသမားများထံကသိရသည်။