ဟိန္ဒားရွာက CDM ရဲတပ်သား အသတ်ခံရဟု မိသားစုဆို

0
1051

ထားဝယ်အရှေ့တောဒေသ ဟိန္ဒားရွာက CDM ရဲတပ်သား ကိုမျိုးသီဟကျော် (ခ) ကိုသီဟ အသတ်ခံရသည်ဟု ကြားသိရပြီး အလောင်း ပြန်မရသေးကြောင်း ၎င်း၏မိသားစုဝင်နှင့် ဒေသခံအချို့က ပြောသည်။

မတ်လ ၁၁ ရက်က ဝကုန်းရွာတွင် အကြွေးသွားတောင်းပြီးအပြန် ညနေပိုင်းတွင် KNU တပ်မဟာ (၄) လက်အောက်ခံ တပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။

မိဘများက လိုက်လံစုံစမ်းပြီး တောင်းပန်‌ပြောဆိုသဖြင့် ယင်းအဖွဲ့က ပြန်လွတ်ပေးခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

ယင်းနေ့ ညနေ ၃ နာရီခန့်တွင် ကိုသီဟကို ကော်သူးလေတပ်မတော်-KTLA တပ်မဟာက တပ်ခွဲမှူး ဗိုလ်တေဇ (ခ) ကိုရဲကတို့အဖွဲ့က ထပ်မံဖမ်းဆီးသွားကြောင်း မိသားစုဝင်နှင့် ဒေသခံအချို့က ပြောသည်။

ယင်းနောက် ညနေပိုင်းတွင်ပင် အသတ်ခံရခြင်းသည်ဟု သတင်းကြားသိရကြောင်း မိသားစုဝင်ထံမှ သိရသည်။

Dawei Watch က ရရှိထားသည့် ရုပ်သံမှတ်တမ်းတွင် ကိုမျိုးသီဟကျော်မှာ အပေါ်ပိုင်း အင်္ကျီဗလာ၊ လက်ပြန်ကြိုးတုတ် ထားပြီး မြေကြီးတွင်ထိုင်လျက်အနေအထားဖြင့် “ဘယ်သူ့ကိုမှ ဘာမှမလုပ်ဘူး” ဟု ငိုယိုငြင်းဆန်ပြောဆိုနေသည်ကို တွေ့ရသည်။

အသက် ၃၀ ခန့်ရှိ ကိုမျိုးသီဟကျော်မှာ စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့သူဖြစ်ပြီး ဟိန္ဒားရွာတွင်ပင် မိဘမောင်နှမများနှင့် အတူ ပြန်လာနေကာ ရာသီပေါ်သီးနှံနှင့် ခဲသံအရောင်းအဝယ်လုပ်နေကြောင်း ကယကံရှင် ကိုယ်တိုင် ပြောဆိုဖူးသလို ဒေသခံများကလည်း ပြောသည်။

ဗိုလ်တေဇ (ခ) ကိုရဲ ကမူ ကိုသီဟသည် စစ်ကောင်စီတပ်၊ ရဲနှင့် ထဲထဲဝင်ဝင် ပက်သက်နေပြီး သတင်းပေးဒလန်လုပ်သည်၊ ခဲဝယ် သမားများထံမှငွေကြေး ကလိမ်ကကျစ် ကျသည်၊ မူးယစ်ဆေးရောင်းသည်၊ ရဲလုပ်ဖူးသည်ဆိုသော စွပ်စွဲချက်များဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ဟိန္ဒားစခန်း အသိမ်းမခံရမီ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပေါ်ပေါ်ထင်ထင် လုပ်ဆောင်ခဲ့သူဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

“သူ့ကို သတိပေးပေါင်းလဲများလှပြီ။ သုံးလေးခါဖြစ်ပြီ” ဟု ကိုရဲက ပြောသည်။

ထို့ကြောင့် ဖမ်းဆီးကာ KNU တပ်မဟာ (၄) ထံ အပ်နှံလိုက်ခြင်းဖြစ်ပြီး ကိုသီဟ သတ်ဖြတ်ခံရခြင်း ရှိမရှိကိုမူ ၎င်းက အတည်ပြုပေးခြင်း မရှိခဲ့ပေ။ ကိုသီဟတွင် ပြစ်မှုများသဖြင့် အသတ်ခံရလျှင်ပင် အလောင်းပြန်ရမည်မဟုတ်ဟုသာ ပြောဆိုခဲ့သည်။

KNU တပ်မဟာ (၄) မြိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ကိုမျိုးသီဟကျော်ကိစ္စနှင့်ပက်သက်ပြီး လတ်တလော တစ်စုံတစ်ရာ ကြားသိရခြင်း မရှိသေးကြောင်း ပြောသည်။

ကိုသီဟကို KNU က ဖမ်းဆီးပြီးပြန်လွှတ်ပေးခဲ့သည့်ကိစ္စ မှန်မမှန်၊ ကိုရဲတို့အဖွဲ့က ဖမ်းဆီးပြီး KNU ကို အမှန်တကယ် လွှဲပြောင်းပေးခဲ့ခြင်း ရှိမရှိဆိုသည့်ကိစ္စများကို ပြန်လည်စုံစမ်းစိစစ်မေးမြန်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ကျွန်တော်တို့မှာ ကျင့်ဝတ်ရှိတယ်။ ရန်သူတောင်မှ ရှေ့တန်းမှာ ဖမ်းမိမယ်ဆိုရင် ကျွန်တော်တို့ မသတ်ခိုင်းပါဘူး။ ကျွန်တော်တို့မှာ အဲဒီလိုလုပ်ရပ် မရှိဘူး။ အထူးသဖြင့် CDM တွေကို အရင်တည်းက ပံ့ပိုးကူညီစောင့်ရှောက်တယ်။ အဲဒီလိုမျိုး လိုက်စွပ်စွဲပြီးတော့ လိုက်သတ်တာမျိုးမရှိဘူး” ဟု ပဒိုစောအယ်နားက ပြောဆိုသည်။

ယင်းအပြင် KNU နှင့် တရားဝင်ပြန်လည်ပူးပေါင်းသည်ဆိုသော KTLA တပ်ဖွဲ့ ၂ ဖွဲ့သာရှိပြီး ကျန်တပ်ဖွဲ့များမှာ ပူးပေါင်းမှု မရှိကြောင်းလည်း ၎င်းက ဆိုသည်။

ကိုသီဟ၏ မိသားစုဝင်တစ်ဦးကမူ KTLA က ပြောဆိုသည့် ဒလန်လုပ်သည်ဆိုသည့် စွပ်စွဲချက်ကို ငြင်းဆိုသည်။

ကိုသီဟမှာ ခဲသံအရောင်းအဝယ်လုပ်နေသဖြင့် သွားလာရာတွင် စစ်တပ်ဂိတ်ရှိ တာဝန်ကျသူများက ပစ္စည်းမှာလျှင် ဝယ်လာ ပေးရသည်မျိုးရှိပြီး ယင်းသို့ လုပ်ဆောင်ခြင်းမှာ ကားသမားများလည်း လိုရာခရီးသွားရာတွင် မနှောင့်နှေးစေရန် လုပ်ဆောင် ပေးခြင်းသာ ဖြစ်ကြောင်း မိသားစုဝင်က ပြောသည်။

“စစ်သားတွေနဲ့ ပတ်သက်နေတယ်ဆိုတာလည်း မဟုတ်ဘူး။ စစ်သားတွေနဲ့ ပတ်သက်မယ်ဆိုရင် CDM ဝင်စရာ အကြောင်း လုံးဝမရှိဘူး” ဟု ၎င်းက ပြောဆိုသည်။

စစ်တပ်၊ ရဲသတင်းပေး၊ မူးယစ်ဆေးရောင်းသည်ဆိုသော စွပ်စွဲချက်ဖြင့် အမှုကို သေသေချာချာ မစစ်ဆေးဘဲ ညနေပိုင်းတွင် ဖမ်းပြီး ညနေပိုင်းတွင်ပင် သတ်ဖြတ်ခြင်းမှာ တရားမျှတမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“သတင်းမှားပြီး အပြစ်မရှိဘဲသတ်တာ။ ပြီးတော့ အခုဖမ်းပြီး အခုသတ်တာလဲ မလိုချင်ဘူး။ ဒလန်ဆိုရင်လည်း သူတို့အနေနဲ့ သေသေချာချာ စုံစမ်းစစ်ဆေးပြီးမှ သတ်စေချင်တယ်။ ဒီညနေပဲဖမ်းတယ်၊ ဒီညနေပဲ သတ်တယ်ဆိုတာက လုံးဝ မဖြစ်သင့် ဘူးပေါ့နော်” ဟု အထက်ပါမိသားစုဝင်ကပြောသည်။

သတ်လိုက်ပြီဆိုတာ သေချာလျှင် အလောင်းပြန်ပေးရန် မိသားစုဝင်များက သက်ဆိုင်ရာအဖွဲ့များကို လိုက်လံစုံစမ်းပြီး‌ တောင်းဆိုသော်လည်း ယနေ့အထိ အလောင်းပြန် မရသေးကြောင်း ၎င်းက ဆိုသည်။

ကိုမျိုးသီဟကျော်သည် စစ်တပ်အာဏာမသိမ်းခင်က မေတ္တာနယ်မြေရဲစခန်းတွင် တာဝန်ကျခဲ့ပြီး အာဏာသိမ်းပြီးနောက်တွင် CDM ပြုလုပ်ပြီး KNU တပ်မဟာ (၄) လွတ်မြောက်နယ်မြေတစ်ခုကို ရောက်ရှိခဲ့ကြောင်း ကယကံရှင်က Dawei Watch သို့ ယခင်က ပြောဆိုဖူးသည်။

အိမ်ပြန်လိုသူများကို အိမ်ပြန်ပို့ပေးမည်ဟုဆိုသဖြင့် လိုက်ပါလာခဲ့ရာ ရဲတပ်ဖွဲ့ထံ ပြန်လည်အပ်နှံခံရပြီး အချုပ် ၂လ ကျခံခဲ့ ရကြောင်း ၎င်းက ဆိုသည်။ အချုပ်က လွတ်မြောက်ပြီးနောက် ရွာတွင် နေထိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းနောက် လက်နက်ကိုင်အဖွဲ့တစ်ခုကို အွန်လိုင်းတွင် ဝေဖန်ရေးသားခဲ့ပြီးနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာ၂၉ ရက်က လက်နက် ကိုင်လူတစ်စုက ၎င်းကို လူမှုကွန်ရက်တွင် ရေးသားမှု၊ မူးယစ်ဆေးရောင်းချမှုဖြင့် အိမ်တွင် လာရောက် ရှာဖွေခဲ့သည်။

၎င်းမရှိသဖြင့် မိဘနှစ်ပါးထံတွင် ငွေကျပ် ၁၀ သိန်း တောင်းယူသွားကြောင်း သိရသည်။ ယင်းဖြစ်စဉ်ကို Dawei Watch တွင် သတင်းဖော်ပြခဲ့ဖူးသည်။