မွန်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ငါးထောင်ကျော်သာရှိ

0
607

မွန်ပြည်နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူ ငါးထောင်ကျော်သာရှိကြောင်း ပြည်နယ်ပညာရေးဌာနက ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။

ယခုပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်းသွင်းထားသည့် ကျောင်းသား ကျောင်းသူ ခြောက်ထောင်ကျော်ရှိသည့်အနက် ကျောင်းသား၊ ကျောင်းသူ ၅၇၆၇ ဦး ဝင်ရောက်ဖြေဆိုခဲ့သည်။

ယနေ့ မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပနေသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် မွန်ပြည်နယ်တစ်ခုလုံးတွင် စာစစ်ဌာန ၂၃ ခု ရှိသည်ဟု ပြည်နယ်ပညာရေးဌာနထံမှသိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူများအနက် မော်လမြိုင်မြို့နယ်တွင် ၁၄၄၈ ဦး အများဆုံးဖြစ်ပြီး ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပွားနေသည့် ကျိုက်မရောမြို့နယ်တွင် ၃၀၀ ကျော်၊ ရေးမြို့နယ်တွင် ၄၀၀ ကျော်၊ ကျိုက်ထိုမြို့နယ် တွင် ၄၀၀ ကျော်၊ ဘီးလင်းတွင် ၄၀၀ နီးပါးနှင့် သထုံမြို့နယ်တွင် ၄၀၀ သာ ရှိသည်။

ပြည်နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေသည့် အခြေခံပညာကျောင်းတို့တွင် လုံခြုံရေး တင်းကြပ်ထားကြောင်း ကျောင်းသားမိဘတို့ထံမှ သိရသည်။

“နယ်ဘက်မှာတော့ ဖြေတဲ့လူက တော်တော်နည်းတယ်။ ကျောင်းမှာတော့ လုံခြုံရေးတော့ တင်းကြပ်ထားတာ တွေ့ရတယ်” ဟု တက္ကသိုလ်ဝင်တန်းကျောင်းသားမိဘတစ်ဦးက ပြောသည်။

ပုံမှန်ပညာသင်နှစ်များတွင် မွန်ပြည်နယ်အတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုသူ အရေအတွက် သုံးသောင်းကျော်အထိ ရှိခဲ့သော်လည်း စစ်တပ်အာဏာသိမ်းပြီး ကျင်းပခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေပွဲဖြေဆိုသူ ၁၁၀၀၀ ကျော်သာ ရှိခဲ့သည်။

ယင်းနောက် စစ်ကောင်စီလက်အောက်တွင် ပညာဆက်လက် မသင်ကြားလိုခြင်း၊ စစ်ရေးပဋိပက္ခကြောင့် ပညာဆက် မသင်နိုင်ခြင်းတို့ကြောင့် တက္ကသိုလ်ဝင်တန်းစာမေပွဲ ဖြေဆိုသူ နှစ်စဉ် လျော့နည်းလာပြီး ယခုပညာသင်နှစ်တွင် ဖြေဆိုသူ ထောင်ဂဏန်းသာ ရှိတော့သည်။

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင်လည်း မွန်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်း စာမေပွဲဖြေဆိုသူ ၅၇၀၀ ကျော်သာ ရှိခဲ့သည်။

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ် ၁၁ ရက်နေ့မှ ၁၉ ရက်အထိ ပိတ်ရက်မရှိ ဆက်တိုက်ကျင်းပသွားမည်ဟု စစ်ကောင်စီ စာစစ်ဌာနက ထုတ်ပြန်ထာသည်။