ကရင်နီတွင် တစ်လတာအတွင်း အရပ်သား ၂၅ဦးသေဆုံးပြီး ၄၀ကျော် ဒဏ်ရာရ

0
634
ပုံစာ - ဒေါစီအိရွာ စာသင်ကျောင်း ဖေဖော်ဝါရီလ ၅ရက်က လေကြောင်းတိုက်ခိုက်ခံရစဉ်။

ကရင်နီ (ကယား) ပြည်နယ်တွင် ဖေဖော်ဝါရီလ တစ်လတာအတွင်း စစ်ကောင်စီတပ်၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂၅ ဦး သေဆုံးပြီး ၄၁ ဦး ဒဏ်ရာရကြောင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကြောင့် အရပ်သားများ သေဆုံးဒဏ်ရာရခြင်းဖြစ်ကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့က ကျောင်းတက်နေချိန်တွင် ဒီးမော့ဆိုမြို့နယ်၊ ဒေါစီအိရွာ စာသင်ကျောင်းနှင့် လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းများအား တိုက်လေယာဥ် ငါးစီးဖြင့် အကြိမ်ပေါင်းများစွာ ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် ကလေးငယ် လေးဦးနှင့် အမျိုးသားတစ်ဦးသေဆုံးပြီး အရပ်သားပြည်သူ ၃၅ ဦး ထိခိုက်ဒဏ်ရာရကြောင်း KNDF က ထုတ်ပြန်ထားသည်။

ယင်းနေ့တွင်ပင် ရဟတ်ယာဉ်သုံးစင်းဖြင့် ရှားတောမြို့နယ်သို့ စစ်ကူပို့သည့် စစ်ကြောင်းသည် ဒေသခံ စစ်ဘေးရှောင်များကို လမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး လမ်းတွင် သတ်ဖြတ်ခဲ့ကြောင်း ဖော်ပြသည်။

ယင်းဖြစ်စဉ်တွင် ကလေးငယ် သုံးဦး၊ ကိုယ်ဝန်ဆောင်နှင့် မသန်စွမ်း အမျိုးသမီးသုံးဦး၊ အမျိုးသားတစ်ဦး စုစုပေါင်း ခုနစ်ဦး သတ်ဖြတ်ခံခဲ့ရကြောင်း KNDF က ဆိုသည်။

ဖေဖော်ဝါရီလ ၁၃ ရက်တွင်လည်း တိုက်ပွဲမဖြစ်ဘဲ စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဖယ်ခုံမြို့နယ်၊ ရွှေစမ်းကျေးရွာက ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးလေးဦးသေဆုံးပြီး သုံးဦးဒဏ်ရာရကြောင်း ဖော်ပြသည်။

ဖေဖော်ဝါရီလအတွင်း လွိုင်ကော်၊ ရှားတော၊ ဘောလခဲနှင့် ဖယ်ခုံမြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့သည်။

လွိုင်ကော်မြို့တွင် နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက မြို့ကို ဝန်းရံပိတ်ဆို့ကာ စစ်ဆင်ရေးဆင်နွှဲနေကြောင်း KNDF က ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့တို့မှာ မြို့ပေါ်အခြေစိုက်တပ်များတွင်သာ တပ်စွဲထား နိုင်ကာ မြေပြင်ထောက်ပို့လမ်းကြောင်းများ ပြတ်တောက်၍ လေကြောင်းကိုသာ အားထားနေသည်ဟုလည်း ဆိုသည်။

လွိုင်ကော်မြို့ကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ကင်းထောက်လေယာဉ်များ၊ ဒရုန်းများဖြင့် မီးလောင်ဗုံးများ ကြဲချသဖြင့် နေအိမ်အများအပြား မီးလောင်ကျွမ်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖေဖော်ဝါရီလ ၁၅ရက်တွင် ရှားတောမြို့ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များ သိမ်းယူထိန်းချုပ်ထားနိုင်ခဲ့ကြောင်းလည်း ဆိုသည်။