တနင်္သာရီမြို့နယ် အော်ကြီးလမ်းဆုံကားလမ်းမတွင် မြေမြှုပ်မိုင်းလေးလုံးကို TLF ရှင်းလင်း

0
2047

တနင်္သာရီမြို့နယ်၊ မယင်းကြီးကျေးရွာအုပ်စု အော်ကြီးလမ်းဆုံကားလမ်းမတွင် စစ်ကောင်စီတပ်က ထောင်ထားသည့် မြေမြှုပ်မိုင်း လေးလုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့ဖြစ်သည့် တနင်္သာရီလွတ်မြောက်ရေးအင်အားစု-TLF တပ်ဖွဲ့က သွားရောက်ရှင်းလင်းခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။

စစ်ကောင်စီတပ်က ပြည်သူများအား ဖေဖော်ဝါရီလကစပြီး ယင်းလမ်းပိုင်းကို ဖြတ်သန်းသွားလာခွင့် ပိတ်၍ မိုင်းထောင် ထားခြင်းဖြစ်ကာ သတင်းအရ မတ်လ ၁၀ရက်က သွားရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း TLF တပ်ဖွဲ့တာဝန်ခံ ကိုထက်မာန် (ဆဉ်ဝါ) က ပြောသည်။

“ပြည်သူတွေ သတင်းပေးချက်အရ သွားရောက်ရှင်းလင်းပေးခဲ့တာပါ။ ကျွန်တော်တို့မှာလည်း အကာအကွယ် ပြည့်ပြည့် စုံစုံမရှိဘဲ ရှင်းလင်းရတော့ သတင်းအချက်အလက် ပိုပြီးတိတိကျကျ ရဖို့လိုအပ်တယ်” ဟု ၎င်းက ပြောဆိုသည်။

မိုင်းအမျိုးအစားမှာ GYATA-64 မြေမြှုပ်မိုင်း အမျိုးအစားဖြစ်ကြောင်း အဆိုပါတပ်ဖွဲ့ထံမှ သိရသည်။

“အဲဒီလမ်းကြောင်းတစ်ဝိုက်က စစ်တပ်က မကြာမကြာ ဝင်နေတဲ့နေရာ ထိတွေ့မှုလည်း မကြာခဏဖြစ်တယ်” ဟု တနင်္သာရီမြိုနယ်မှ ဒေသခံတစ်ဦးက ပြောသည်။

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့အကြား ဖေဖော်ဝါရီလကစပြီး မကြာခဏထိတွေ့ တိုက်ပွဲဖြစ်ပွားနေသည်။

တနင်္သာရီတိုင်းအတွင်းရှိ ထားဝယ်ခရိုင်နှင့် တနင်္သာရီမြို့နယ်များတွင် ဖေ‌ဖော်ဝါရီလမှ၍ မိုင်းနင်းမိသည့် ဖြစ်စဉ်များကြောင့် အရပ်သား သေဆုံးဒဏ်ရာရရှိသူများ ခပ်စိပ်စိပ်တွေ့လာရသည်။

မိုင်းပေါက်ကွဲသည့်ဖြစ်စဉ်အများစုမှာ စစ်ကောင်စီ၏တပ်ရင်းတပ်ဖွဲ့များ၏ အနီးဝန်းကျင် နေရာများနှင့် မကြာခဏ စစ်ကြောင်းထိုသည့် လမ်းကြောင်းများတွင် အများဆုံးဖြစ်နေကြောင်း ဒေသခံများကို မေးမြန်းချက်များအရ သိရသည်။