တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသူ နှစ်ထောင်ကျော်သာရှိ

0
744
ပုံစာ - တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ ထားဝယ်မြို့စာစစ်ဌာန။ ဓာတ်ပုံ - ပြန်/ဆက်

တက္ကသိုလ်ဝင်စာမေးပွဲများ ယနေ့စတင်ဖြေဆိုနေပြီဖြစ်ရာ တနင်္သာရီတိုင်းတွင် ဝင်ရောက်ဖြေဆိုသူ နှစ်ထောင်ကျော်( ၂၄၉၅ ဦး) ရှိကြောင်း တိုင်းပညာရေးမှူးရုံးထံမှသိရသည်။

ယင်းပမာဏမှာ အာဏာသိမ်းကာလ ၄ နှစ်အတွင်း ( ၂၀၂၁ မှ ၂၀၂၄ အထိ) အနည်းဆုံးပမာဏဖြစ်သည်။

လက်ရှိဖြေဆိုနေသည့် တက္ကသိုလ်ဝင်စာမေးပွဲတွင် လောင်းလုံးမြို့နယ်မှ ဝင်ရောက်ဖြေဆိုသူ ၁၂ ဦးသာရှိပြီး တိုင်းအတွင်းအနည်းဆုံးဖြစ်သည်။ အများဆုံးမှာ မြိတ်မြို့နယ်ဖြစ်ပြီး တစ်ထောင်ကျော်( ၁၁၇၃ ဦး) ရှိသည်။

တက္ကသိုလ်ဝင်သင်ရိုးကို စနစ်သစ်ပြောင်းလိုက်ပြီးနောက်ပိုင်း စာမေးပွဲဖြေဆိုသူ နည်းပါးသွားကြောင်း တိုင်းပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။

အာဏာစသိမ်းသည့် ၂၀၂၁ ခုနစ်‌တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူ ငါးထောင်နီးပါး(၄,၇၆၃ဦး) ရှိသည်။

၂၀၂၂ ခုနစ်တွင်မူ ကျောင်းသားဦးရေ ၄၀၀ ကျော်လျော့ကျသွားပြီး လေးထောင်ကျော်( ၄,၃၅၉ ဦး) သာရှိခဲ့သည်။

၂၀၂၃ ခုနစ်တွင်လည်း ဖြေဆိုသူ ထပ်မံလျော့ကျသွားပြီး လေးထောင်ပင်မပြည့်တော့ဘဲ ၃,၀၉၇ ဦးသာရှိခဲ့သည်။

ယခု ၂၀၂၄ တွင်လည်း ‌ကျောင်းသား ၆၀၀ ကျော်လျော့ကျသွားပြီး ၂,၄၉၅ ဦးသာရှိ‌သည်။

လက်ရှိတက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုနေသည့် မြို့နယ်အလိုက်စာရင်းမှာ ထားဝယ်မြို့နယ်တွင် သုံးရာကျော်၊ ရေဖြူတွင် ရှစ်ဆယ်ကျော်၊ လောင်းလုံးတွင် တစ်ဆယ်ကျော်၊ သရက်ချောင်းတွင် ခြောက်ဆယ်နီးပါးရှိသည်။

ယင်းအပြင် မြိတ်မြို့နယ်တွင် တစ်ထောင်ကျော်၊ ကျွန်းစုတွင် နှစ်ရာကျော်၊ ပုလောတွင် တစ်ရာကျော်၊ တနင်္သာရီတွင် တစ်ရာတိတိရှိပြီး ကော့သောင်းမြို့နယ်တွင်မူ နှစ်ရာနီးပါး၊ ဘုတ်ပြင်းမြို့နယ်တွင် တစ်ရာကျော်ရှိသည်။

အာဏာမသိမ်းခင်ကမူ တနင်္သာရီတိုင်းတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုဦးရေ နှစ်စဉ် နှစ်သောင်းမှ သုံးသောင်းကြားတွင်ရှိသည်။