ထိုင်းလွှတ်တော်ထဲတွင် မြန်မာပြည်သူများ၏ ဒုက္ခများကို ပထမဆုံးပြသ

0
1556

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ လွှတ်တော်ထဲတွင် စစ်အာဏာသိမ်းပြီး ၃ နှစ်အကြာ မြန်မာနိုင်ငံအတွင်းရှိ ပဋိပက္ခများနှင့် ပြည်သူများ ဒုက္ခရောက်နေသည့် ပုံရိပ်များကို ယနေ့တွင် ပထမဆုံးအကြိမ် ပြသထားသည်။

မြန်မာတိုင်းရင်းသားများ၏ နေထိုင်မှုပုံစံနှင့် နယ်စပ်တစ်လျှောက်ရှိ စစ်ဘေးရှောင်များ၏ အသုံးအဆောင်များကို အနုပညာလက်ရာပြခန်းအနေဖြင့် ပထမဆုံးအကြိမ် ဖွင့်လှစ်ပြသနေခြင်းဖြစ်သည်။

အနုပညာပြခန်းကို မတ်လ ၂ ရက်နေ့နှင့် ၃ ရက်နေ့များတွင် ပြသထားမည်ဖြစ်ပြီး ပွဲကို Spirit in Education Movement (SEM) က ဦးစီးကျင်းပခြင်းဖြစ်သည်။

ယနေ့တွင် ထိုင်းလွှတ်တော်၌ ၃ နှစ်ကြာ အာဏာသိမ်းထားသော မြန်မာ့အရေး ဖြေရှင်းနိုင်ရန်အတွက် ထိုင်းနိုင်ငံရေးသမားများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် မြန်မာ့ဒီမိုကရေစီ အင်အားစုအဖွဲ့များပါဝင်သော ၂ ရက်ကြာ ဆွေးနွေးပွဲကျင်းပနေစဉ် အနုပညာပြခန်းကို ပြသထားခြင်းဖြစ်သည်။

ဆွေးနွေးပွဲတွင် အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များအပါအဝင် ထိုင်းအစိုးရအဖွဲ့က ဝန်ကြီးများ၊ ထိုင်းပါတီများနှင့် လူ့အခွင့်အရေးအဖွဲ့များ၊ သတင်းနှင့် မီဒီယာဌာနများက တက်ရောက်ဆွေးနွေးကြမည်ဖြစ်သည်။

ဓာတ်ပုံ – SEM