လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးသည့်ဒေသခံ ဆိုင်ကယ်မတော်ဆမှုကြောင့်သေဆုံး

0
1551

စစ်ကောင်စီတပ်က ထားဝယ်မြို့နယ် ရောင်းမော်အနီးဝန်းကျင်သို့ လေကြောင်းဖြင့် တိုက်ခတ်ချိန် ထွက်ပြေးတိမ်းရှောင်သည့် ဒေသခံတစ်ဦး ဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သေဆုံးသွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ မတ်လ ၂ ရက် နံနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်က ရောင်းမော်ရွာအနီးသို့ ရဟတ်ယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရောင်းမော်ရွာထိပ်တွင်တပ်စွဲထားသည့် စစ်ကောင်စီ၊ ပျူစောထီးအဖွဲ့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်ခိုက်ချိန် စစ်ကောင်စီတပ်က လေကြောင်းပစ်ကူဖြင့် ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးအများအပြားကြဲချနေသဖြင့် အနီးနားကျေးရွာမှ ဒေသခံများ ကြောက်လန့်ထွက်ပြေးခဲ့ကြရကြေင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ ထွက်ပြေးသူများထဲမှ ဆေးဖြတ်ကုန်းရွာသူ အသက် ၂၈ နှစ်အရွယ် မအေးသက်မော်ဆိုသူမှာ ဆိုင်ကယ်မတော်တဆမှုဖြစ်ပွားပြီး သေဆုံးသွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

Dawei Watch က တွေ့ရှိထားသည့် ဓာတ်ပုံတစ်ခုထဲတွင်လည်း စပန့်သားပန်ရောင်းဘောင်ဘီ၊ အဖြူအမည်းကွက်ကျား အင်္ကျီဝတ်ဆင်ထားသူအမျိုးသမီးတစ်ဦး ဦးခေါင်းဒဏ်ရာဖြင့် ကွန်ကရစ်လမ်းမထက်တွင် လဲကျနေသည်ကို တွေ့ရသည်။

၎င်းအမျိုးသမီး‌၏ဦးခေါင်းနှင့် ကွန်ကရစ်လမ်းမပေါ်တွင် သွေးကွက်‌များတွေ့ရပြီး နံဘေးတွင် အမျိုးသားတစ်ဦးက ပြုစုပေးနေသည်။

“ဖြစ်ဖြစ်ချင်းဆုံးတာတော့ မဟုတ်ဘူးတဲ့။ သွေးထွက်များပြီး ဖြစ်သွားတာလို့ကြားတယ်။ ဆေးရုံတင်လို့ကလည်းမရဘူး ဖြစ်တဲ့အချိန်က” ဟု လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးနေရသည့် ဒေသခံတစ်ဦးက ပြောသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် ရောင်းမော်ရွာမှာ ထားဝယ်မြို့မှ ၇ မိုင်ခန့်အကွာတွင်သာတည်ရှိပြီး ဆေးဖြတ်ကုန်းရွာမှာ စော်ဖျားရွာနှင့် ရွာချင်းဆက်လျက်ရှိသည်။