ထားဝယ်တွင် မေတ္တာရဲစခန်းနှင့် ဟိန္ဒားစစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များ မီးရှို့

0
1891

ထားဝယ်အရှေ့တောဒေသရှိ မေတ္တာမြို့ရဲစခန်းနှင့် ဟိန္ဒားကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးတပ်များက မီးရှို့လိုက်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သားများတပ်စွဲထားသည့် နာမည်ကျော် ဟိန္ဒားသတ္တုမိုင်းရှိ မြန်မာပွန်ပီပက် ကုမ္ပဏီ (MPC) နေရာကို ဖေဖော်ဝါရီလ ၂၂ ရက်နှင့် ၂၃ ရက်နေ့တွင် တော်လှန်ရေးတပ်များက မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“(စကစ) တပ်တွေက ကျောက်မဲတောင်ကို ဆင်းသွားတယ်။ စစ်တပ်ကို ရေသယ်ပေးနေတဲ့ MPC ကုမ္ပဏီက ရေသယ်ကား တစ်စီးကို တော်လှန်ရေးတပ်တွေက ယူသွားတယ်” ဟု ၎င်းက ပြောသည်။

ထားဝယ်-မေတ္တာလမ်းရှိ ကျောက်မဲတောင်ရွာတွင် စစ်ကောင်စီတပ်သားများ အခိုင်အမာတပ်စွဲထားသည့် နယ်မြေရဲစခန်းရှိပြီး ဖေဖော်ဝါရီလ ၂၁ ရက်နေ့က စစ်ကောင်စီတပ် အထိနာခဲ့သည့်တိုက်ပွဲဖြစ်ပွားရာနေရာနှင့် ၂ မိုင်ကျော်သာ ကွာဝေးသည်။

မေတ္တာမြို့ထိပ်ရှိ ရဲစခန်းကိုမူ ဖေဖော်ဝါရီလ ၂၃ ရက်(ယနေ့)တွင် တော်လှန်ရေးတပ်များက မီးရှို့လိုက်ကြောင်း အဆိုပါဒေသခံက ဆိုသည်။

အဆိုပါရဲစခန်းနှင့်မနီးမဝေးတွင် စစ်ကောင်စီတပ်၏ မေတ္တာဗျူဟာရှိသည်။ အဆိုပါဗျူဟာကုန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်နေဆဲဖြစ်ကြောင်း တော်လှန်ရေးတပ်သတင်းအရင်းမြစ်က ပြောဆိုသော်လည်း Dawei Watch အနေဖြင့် အခြေအနေ အသေးစိတ်ကို စုံစမ်းနေဆဲဖြစ်သည်။

“စခန်းကို ရှို့တဲ့အချိန်မှာ မေတ္တာဗျူဟာဖက်ကတော့ လက်နက်ကြီးနဲ့ ထုတယ်လို့ကြားတယ်” ဟု အဆိုပါ သတင်းအရင်းမြစ်က ပြောသည်။

တိုက်ပွဲကြောင့် ဒေသခံများက ကလစ်ကြီးရွာဟောင်းဘက် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ၎င်းက ဆိုသည်။

ထားဝယ်အရှေ့တောဒေသတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကတည်းက တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးသူများပြားကာ အထိနာနေသည်။