တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1037

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှ၂၃ ရက်နေ့အထိ

ရုရှားအတိုက်အခံခေါင်းဆောင် သေဆုံး

အသက် ၄၇ နှစ်အရွယ် ရုရှားအတိုက်အခံခေါင်းဆောင် Alexei Navalny က အာတိတ်စက်ဝိုင်းပေါ်မှာ အကျဉ်းချခံထားချိန်မှာပဲ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က သေဆုံးသွားခဲ့ပါတယ်။

ရှေ့နေနဲ့ မိခင်ဖြစ်သူ Lyudmila တို့ဟာ သူသေဆုံးခဲ့တဲ့ အကျဉ်းထောင်ရှိရာအရပ်က ရင်ခွဲရုံကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ရောက်သွားပေမဲ့ သူ့အလောင်း အဲဒီမှာ မရှိခဲ့ပါဘူး။

သူသေဆုံးရခြင်း အကြောင်းရင်းကို တိတိကျကျမသိရှိရသေးဘဲ ရုတ်တရက်သေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ဆိုထားပါတယ်။

Navalny ရုတ်တရက် သေဆုံးသွားတဲ့သတင်းထွက်ပေါ်လာပြီးနောက် မော်စကိုမြို့တော်ထဲက အထိမ်းအမှတ်နေရာမှာ ဝမ်းနည်းကြောင်း ပြသခဲ့ကြပါတယ်။

ရာနဲ့ချီတဲ့ပြည်သူတွေ ဖမ်းဆီးခံရတယ်လို့ သတင်းရရှိပေမဲ့ ဘယ်နှစ်ယောက် ဖမ်းခံရတယ်ဆိုတာတော့ အတိအကျ မသိရခဲ့ပါဘူး။

Ref: BBC

………………………………..

လက်နက်တိုးမြှင့် ထောက်ပံ့ပေးရန် ယူကရိန်းသမ္မတ တောင်းဆို

ဂျာမနီမှာ လုံခြုံရေးညီလာခံ တက်နေတဲ့ ယူကရိန်းသမ္မတ ဇလန်းစကီးက တာဝေးပစ် လက်နက်တွေနဲ့ ခဲယမ်းတွေ လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

ယူကရိန်းအရှေ့ပိုင်း Avdiivka မြို့ကနေ တပ်တွေကို ပြန်ဆုတ်နေရပြီလို့ ယူကရိန်းစစ်တပ်အကြီးအကဲရဲ့ ကြေညာချက် ထွက်လာခဲ့ပြီးတဲ့နောက် သမ္မတက တောင်းဆိုလိုက်တာပါ။

လက်နက်ခဲယမ်း အထောက်အပံ့တွေ နည်းပါးလာတာဟာ ယူကရိန်းကို တိုက်ခိုက်နေတဲ့ ရုရှားအတွက် သူ့တပ်ကို ပြန်အားဖြည့်ဖို့ အချိန်ရသွားစေနိုင်တယ်လို့ သူက ဆိုထားပါတယ်။

ယူကရိန်းနိုင်ငံသားတွေက ရုရှားတွေပြန်ဆုတ်သွားအောင် တိုက်ခိုက်နိုင်တယ်ဆိုတာကို ပြသခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

တန်ပြန်ထိုးစစ်ဆင်လာနိုင်တဲ့ အခြေနေကနေ အခုတော့ တာဝေးပစ် လက်နက်အပါအဝင် လက်နက်တွေရဖို့ စောင့်ဆိုင်းနေရတာကြောင့် ခံစစ်အနေထားကို ပြန်သွားနေရတယ်လို့ ဆိုပါတယ်။

Ref: BBC

………………………………..

ကုလလုံခြုံရေးကောင်စီတွင် ဂါဇာအပစ်ရပ်ရေးအတွက် အမေရိကန် ဗီတိုအာဏာသုံးပယ်ချ

အစ္စရေး ဟာမတ်စ်စစ်ပွဲမှာ လူသားချင်းစာနာထောက်ထားမှုအတွက် ချက်ချင်း အပစ်အခတ်ရပ်စဲဖို့ တောင်းဆိုတဲ့ ကုလသမဂ္ဂဆုံးဖြတ်ချက်ကို အမေရိကန်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ ဗီတိုအာဏာသုံး ပယ်ချလိုက်ပါတယ်။

ဒီဆုံးဖြတ်ချက်က ဓားစာခံလွတ်မြောက်ရေးဆွေးနွေးပွဲတွေကို အနှောက်အယှက်ပေးလိမ့်မယ်လို့ အမေရိကန်က တုံ့ပြန်ခဲ့တာပါ။

လုံခြုံရေးကောင်စီမှာ အဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့အနက် ဗြိတိန်တစ်နိုင်ငံကပဲ မဲမပေးဘဲနေခဲ့ပြီး ကျန်နိုင်ငံတွေက ၁၃ မဲရရှိခဲ့ပေမဲ့ အမေရိကန်ရဲ့ ဗီတိုအာဏာသုံး ကန့်ကွက်မဲကြောင့် ဆုံးဖြတ်ချက် မချမှတ်နိုင်ခဲ့ပါဘူး။

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေကို အမေရိကန်က တတိယအကြိမ်‌မြောက် ဗီတိုနဲ့ ပယ်ချလိုက်တာလည်း ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

သီးနှံဈေးနှုန်းကို အာမခံပေးမည့် အဆိုပြုချက်ကို ဆန္ဒပြအိန္ဒိယလယ်သမားတွေ လက်မခံ

သူတို့သီးနှံတွေအတွက် အာမခံဈေးနှုန်းနဲ့ စာချုပ်ချုပ်ပေးမယ်လို့ အစိုးရက အဆိုပြုတာကို မြို့တော်နယူးဒေလီအပြင်မှာ စခန်းချသပိတ်မှောက်နေကြတဲ့ အိန္ဒိယလယ်သမားတွေက လက်မခံခဲ့ပါဘူး။

ပဲအမျိုးမျိုး၊ အစေ့အဆန်ခြောက်အမျိုးမျိုး၊ ပြောင်းနဲ့ ဝါ စတဲ့ သီးနှံတွေအတွက် အာမခံဈေးနှုန်းနဲ့ ငါးနှစ်စာချုပ်ကို သမဝါယမတွေကတဆင့် ဝယ်ယူမယ်လို့ အစိုးရက ကမ်းလှမ်းခဲ့တာပါ။

သီးနှံအားလုံးအတွက် ဈေးနှုန်းအာမခံ ရရှိဖို့ တောင်းဆိုချက်အတိုင်း ဆက်လက်ရပ်တည်သွားမယ်လို့ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က လယ်သမားတွေဘက်က ကြေညာခဲ့ပါတယ်။

အာမခံဈေးတွေအပြင် ဝင်ငွေ ၂ ဆ တိုးရေး၊ လယ်သမားတွေနဲ့ လယ်ယာလုပ်သားတွေကို ပင်စင်ပေးရေးနဲ့ လယ်သမားတွေ ယူထားတဲ့ချေးငွေတွေ လျှော်ပေးရေး စတဲ့ ကတိတွေတည်ဖို့ ဆန္ဒပြနေကြတာ ဖြစ်ကြပါတယ်။

Ref: AP

………………………………..

လူသတ်သမား ၂ ဦးကို တာလီဘန်တွေ လူမြင်ကွင်းမှာ ကွပ်မျက်

လူသတ်မှုကျူးလွန်ခဲ့သူ ၂ ဦးကို တာလီဘန် အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၂ ရက်နေ့က လူမြင်ကွင်းမှာ ကွပ်မျက်လိုက်ပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံတောင်ပိုင်း Ghazni မြို့က ဘောလုံးကွင်းအတွင်းမှာ သေနတ်နဲ့ပစ်ပြီး ကွပ်မျက်လိုက်တာပါ။

ကွပ်မျက်တဲ့နေရာကို တာလီဘန် အုပ်ချုပ်ရေးအဖွဲ့က အရာရှိတွေ၊ ဒေသခံတွေ အများအပြား တက်ရောက် ကြည့်ရှုခဲ့ကြပေမဲ့ ဘယ်သူမှ လက်ကိုင်ဖုန်းတွေ၊ ကင်မရာတွေ သယ်ဆောင်လာခွင့်မပြုဘူး

ကွပ်မျက်ခံရသူတွေဟာ တခြားလူ ၂ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ပြစ်မှုထင်ရှား တွေ့ရှိခဲ့တဲ့အတွက် သေဒဏ်ပေးခံခဲ့ရသူတွေဖြစ်ပါတယ်။

တာလီဘန်အဖွဲ့ဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ သူတို့ အာဏာပြန်ရတဲ့ ၂၀၂၁ ခုနှစ်နောက်ပိုင်း လူအများမြင်ကွင်းမှာ လူ ၄ ဦးကို ကွပ်မျက်ခဲ့ပြီး ဖြစ်ပါတယ်။

Ref: AP

………………………………..

အမေရိကန်စက်ရုပ်အာကာသယာဉ် လပေါ်ဆင်းသက်

အမေရိကန်ပြည်ထောင်စုက ကုမ္ပဏီတစ်ခုရဲ့ စက်ရုပ်အာကာသယာဉ်ဟာ လပေါ်ကို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာ အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။

လကမ္ဘာရဲ့ တောင်ဘက်ဝန်ရိုးစွန်း အနီးအနားကို အောင်အောင်မြင်မြင် ဆင်းသက်နိုင်ခဲ့တာပါ။

ဒါဟာ ၁၉၇၂ ခုနှစ်နောက်ပိုင်း နှစ်ပေါင်း ၅၀ ကျော်အတွင်း အမေရိကန်အာကာသယာဉ် လကမ္ဘာကို ပထမဆုံး ဆင်းသက်နိုင်တာ ဖြစ်ပါတယ်။

သမိုင်းမှာ အမေရိကန်ပုဂ္ဂလိကကုမ္ပဏီတခုကလွှတ်တင်တဲ့ ပထမဆုံး အာကာသယာဉ်လည်း ဖြစ်ပါတယ်။

Elon Musk ပိုင် SpaceX ကုမ္ပဏီရဲ့ Falcon 9 ဒုံးပျံရဲ့ထိပ်ဖူးမှာ Intuitive Machines ကုမ္ပဏီရဲ့ Nova-C အာကာယဉ်ကို လိုက်ပါလွှင့်တင်ခဲ့တာပါ။

ဒုံးပျံထွက်ပြီး ၄၈ မိနစ်လောက်အကြာ ကမ္ဘာမြေနဲ့ ၁၃၉ မိုင်လောက်ဝေးတဲ့နေရာမှာ ထိပ်ဖူးကနေ ခွဲထွက်ပြီး လကမ္ဘာဆီ ဆက်ခရီးနှင်ခဲ့ပြီး ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။

Ref: BBC

………………………………..

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် လွတ်ငြိမ်းဖြင့် ပြန်လွတ်

ထောင်ဒဏ်တစ်နှစ် ပြစ်ဒဏ်ချမှတ်ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ ၆ လ အချုပ်ခံရပြီးတဲ့နောက် ဖေဖော်ဝါရီ ၁၈ ရက်နေ့က လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။

သူဟာ အချုပ်ထောင်ထဲမှာ တစ်ညတောင်မှမနေရဘဲနဲ့ ပြန်လွတ်လာသူပါ။

ပြန်လွတ်လာပြီး မိသားစုနေအိမ်မှာပဲ့ နေထိုင်သွားမယ်လို့ ပြောကြားထားပါတယ်။

ထိုင်းအကျဉ်းထောင်ထဲ အသက်အရွယ်ကြီးသူတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ ၉၃၀ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။

ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြီးခဲ့တဲ့နှစ် ဩဂုတ်လမှာ ထိုင်းနိုင်ငံကို ပြန်လာပြီး အဖမ်းခံခဲ့ပါတယ်။

ရောက်ရောက်ချင်း ထောင်ဒဏ် ၈ နှစ်ချမှတ်ခဲ့ပေမဲ့ ထိုင်းဘုရင်မင်းမြတ်က ၁ နှစ်အထိ လျော့ပေါ့ပေးလိုက်တာဖြစ်ပါတယ်။

Ref: The Nation

………………………………..

ကုန်တင်သင်္ဘောက တံတားကို ဝင်တိုက်မိလို့ အနည်းဆုံး ၅ ဦး သေဆုံး

ကုန်တင်သင်္ဘောတစ်စင်း ဝင်တိုက်ခဲ့မိလို့ တရုတ်နိုင်ငံမှ တံတားတစ်စင်း နှစ်ပိုင်းပြတ်သွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၂၂ ရက်က တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ကျိုးမြို့ လီစင်းရှာတံတားကို ကုန်တင်သင်္ဘောက ဝင်တိုက်မိခဲ့တာပါ။

တံတား ထက်ပိုင်းပြတ်သွားချိန်မှာ ကားနှစ်စီး မြစ်ထဲပြုတ်ကျပြီး ကား ၃ စင်းကတော့ သင်္ဘောပေါ် ပြုတ်ကျခဲ့ပါတယ်။

ဝင်တိုက်မိတဲ့ အသေးစိတ် အကြောင်းအရင်းကိုတော့ မသိရသေးပါဘူး။

ကွမ်ကျိုးမြို့မှာရှိတဲ့ လီစင်းရှာတံတားဟာ နိုင်ငံတကာကုန်သွယ်ရေကြောင်းရဲ့ အချက်ချာကျတဲ့ နေရာတစ်ခုပါ။

Ref: The New York Times

………………………………..

ဝေလငါးအရိုးစုဓာတ်ပုံက ရေအောက်အကောင်းဆုံး ဓာတ်ပုံဆု ဆွတ်ခူး

ဆွီဒင်ဓာတ်ပုံဆရာ အဲလက်စ်ဒေါ်ဆန်ဟာ ဝေလငါး အရိုးစုကို ကြည့်ရှုစစ်ဆေးနေတဲ့ ရေငုပ်သမားဓာတ်ပုံကြောင့် ၂၀၂၄ ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံး ရေအောက်ဓာတ်ပုံဆရာဆု ဆွတ်ခူးခဲ့ပါတယ်။

ဝေလငါးအရိုးစုဓာတ်ပုံဟာ ကမ္ဘာတစ်ဝန်းက ပြိုင်ပွဲဝင်ဓာတ်ပုံပေါင်း ၆၅၀၀ ကျော်ကို ဖြတ်ကျော်ပြီး ဆုရခဲ့တာပါ။

ဂရင်းလန်းကျွန်း ရေခဲပြင်အောက်မှာ အလွတ်ရေငုပ်သူက ဝေလငါးအရိုးစုကို သွားကြည့်နေတဲ့ပုံ ရိုက်ထားတာဖြစ်လို့ ဒီဓာတ်ပုံကို တကယ့်ခဲရာခဲဆစ် ရိုက်ကူးထားတာဖြစ်တယ်လို့ အကဲဖြတ်ဒိုင်က ဆိုပါတယ်။

ရေငုပ်သမားရဲ့ဝတ်စုံနဲ့ ဓာတ်မီးကြောင့် တခြားကမ္ဘာမှ အလည်ပတ်လာတဲ့ဂြိုဟ်သားတစ်ယောက်လိုမျိုး ခံစားရစေတယ်လို့ သူက ဆိုပါတယ်။

Ref: BBC

………………………………..

Oppenheimer ဇာတ်ကားက ဗြိတိန်အကယ်ဒမီဆုပေးပွဲတွင် ဆု ၇ ဆုဆွတ်ခူး

ဒုတိယကမ္ဘာစစ်ကိုအဆုံးသတ်စေခဲ့တဲ့ နျူကလီးယားလက်နက်ကို ဖန်တီးခဲ့တဲ့ ရောဘတ် အော့ပန်ဟိုင်းမားအကြောင်းကို ရိုက်ကူးထားတဲ့ Oppenheimer ဇာတ်ကားက ဗြိတိန်အကယ်ဒမီဆုပေးပွဲမှာ ဆု ၇ ဆု ဆွတ်ခူးခဲ့ပါတယ်။

၇၇ ကြိမ်မြောက် British Academy Film Awards မှာ အကောင်းဆုံးရုပ်ရှင်၊ အကောင်းဆုံးဒါရိုက်တာ၊ အကောင်းဆုံးမင်းသားဆုအပါအဝင် ဆုတွေ ရရှိခဲ့တာပါ။

ရုပ်ရှင်ဒါရိုက်တာ ခရစ်စတိုဖာ နိုလန်က သူ့ရဲ့ပထမဆုံးအကောင်းဆုံးဒါရိုက်တာဆုကို ရရှိခဲ့သလို မင်းသား ခေလီယံ မာဖီကလည်း ရောဘတ် အော့ပန်ဟိုင်းမားဇာတ်ရုပ်အတွက် အကောင်းဆုံးမင်းသားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က Oppenheimer ဇာတ်ကားကို Barbie ဇာတ်ကားနဲ့အပြိုင်ရုံတင်ခဲ့တာဖြစ်ပါတယ်။

Ref: Aljazeera

………………………………..