စစ်ပွဲတွေရဲ့ အတွင်းထဲမှာ

0
918

လေးငါးနှစ်အရွယ် ကလေးမလေးဟာ ရက်များစွာ အစာရေစာဝလင်အောင်မစားရပြီးတဲ့နောက်မှာ အာဟာရပြတ်လပ်ပြီး သေဆုံးသွားပါတော့တယ်။

သူ့ကို စောင့်ရှောက်နေတဲ့ ၁၂-၁၃ နှစ်အရွယ် အစ်ကိုဖြစ်တဲ့ကောင်လေးဟာလည်း များမကြာမီမှာပဲ အစာပြတ်ပြီး သေပြန်ပါတယ်။ မသေခင်မှာ ညီမလေးကို လွမ်းတဲ့စိတ်၊ မိဘတွေကို သတိရတဲ့စိတ်တွေကို တနင့်တပိုး ထမ်းပိုးသွားပါသေးတယ်။

နေ့စဉ်ရက်ဆက် လေယာဉ်တွေနဲ့ ဗုံးကျဲလို့ နေအိမ်တွေမီးလောင်၊ လူတွေက ထွက်ပြေးကြရ။ ဗုံးကျည်ဆန်တွေအကြားမှာ သေသူတွေက သေသွားကြ။ ကျန်ရစ်သူတွေမှာလည်း အလုပ်အကိုင်တွေ မဲ့၊ နေစရာမဲ့၊ ခိုကိုးရာမဲ့၊ စားစရာတွေ ရှားပါးလာ။

ကျနော်ကြည့်နေတဲ့ ဂျပန်ကာတွန်းရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတချို့ဖြစ်ပါတယ်။

စစ်ပွဲတွေကို ပေါ့သေးသေးလို့ ထင်ပါသလား။ ဇာတ်ကားကို ကြည့်နေရင်းနဲ့ပဲ ကျနော်ဟာ တစ်ယောက်တည်း တုန်လှုပ်ခြောက်ခြားလို့ နေပါတယ်။

ဘဝမှာ အဆိုးရွားဆုံးသော ဆင်းရဲဒုက္ခကို ကြုံတွေ့ဖို့ ကိုယ်ဘာအမှားမှ ကျူးလွန်စရာ လိုအပ်မနေပါဘူး။ ဒီအတွေးဟာ ဘဝမှာ ဘေးကင်းရန်ကင်းဖြစ်အောင် ဘယ်လိုနေထိုင်မယ်ဆိုတာမျိုးကို ဆက်တွေးကြည့်လို့မရနိုင်အောင် ဖြစ်စေပါတယ်။

လောဘစိတ်ကလေး တစ်ချက်၊ မာနလေး တစ်စက်ဟာ ဘာအမှားမှ မကျူးလွန်သူ၊ အပြစ်ကင်းစင်သူ သိန်းသန်းချီပြီး သေတွင်းကို ပို့ပစ်နိုင်စွမ်း ရှိကြပါလားဆိုတာကို လင်းလင်းချင်းချင်း သဘောပေါက်စေခဲ့ပါတယ်။

‘ပိုးစုန်းကြူးကလေးတို့၏ သင်္ချိုင်းဂူ'(Grave of the Fireflies) လို့ နာမည်ပေးထားတဲ့ အခုရုပ်ရှင်ဟာ ၁၉၈၈ ခုနှစ်ကတည်းက ထွက်ခဲ့တာပါ။ လူကြိုက်များလို့ ၂၀၀၅ ခုနှစ်မှာတော့ လူသားသရုပ်ဆောင်တွေနဲ့ ပြန်လည်ရိုက်ကူးခဲ့ပါတယ်။

ဝတ္ထုတိုအဖြစ်နဲ့ကတော့ ၁၉၆၇ ခုနှစ်ကတည်းက ဂျပန်နိုင်ငံမှာ ထွက်ရှိခဲ့ပါတယ်။ အမေရိကန်က ဂျပန်ကို ဗုံးတွေဒလဟောကျဲချပြီး ဂျပန်အင်ပါယာကို နိဂုံးချုပ်စေခဲ့တဲ့ ၁၉၄၅ ခုနှစ်ဝန်းကျင်မှာ ကိုယ်တွေ့အဖြစ်အပျက်တွေကို အခြေခံထားတယ်လို့ ဆိုပါတယ်။

မိခင်ဖြစ်သူက ဗုံးဆန်ထိလို့ သေသွားတယ်။ အဖေက အဝေးစစ်မြေပြင်တစ်နေရာမှာ။ နေအိမ်ကလည်း ဗုံးထဲပါသွားတယ်။ ညီမလေးကို ချီပိုးပြီး အဒေါ့် အိမ်ကို ရောက်သွားခဲ့တယ်။ ဒါပေမဲ့ ခိုကိုးရာ မဖြစ်ခဲ့ပါဘူး။

ဒါဟာ အခု ကျနော်တို့ဆီမှာ ဖြစ်နေတာတွေနဲ့ တစ်ထပ်တည်းပါပဲ။ ရုပ်ရှင်ထဲကလို မောင်နှမကလေးတွေ ဘယ်လောက်တောင် ရှိနေမလဲ၊ စိတ်ထဲကနေ မှန်းဆကြည့်နေမိပါတယ်။

ငါတို့ဆီက အဖြစ်အပျက်တွေကိုရော ဒီလိုမျိုးလေး ရိုက်ပြနိုင်ကြရင်ဖြင့်လို့လည်း တွေးမိပြန်ပါတယ်။ ဒါဆိုရင် စစ်ပွဲတွေကို တစ်စုံတစ်ရာ တားဆီးရပ်တန့်ပေးနိုင်လေမလား။

မမြင်ချင်မှအဆုံး မြင်တွေ့နေရတဲ့ နေ့စဉ် စစ်ဘေးသတင်းတွေထဲမှာတော့ ‘ဘယ်မြို့ဘယ်ရွာမှာ စစ်ကြောင်းထိုးပြီး နေအိမ်တွေ မီးရှိို့’၊ ‘ပြည်သူ ဘယ်နှစ်ယောက်ကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်’၊ ‘လေယာဉ်နဲ့ ဗုံးကျဲလို့ လူဘယ်နှစ်ယောက်သေ’ စတာမျိုးတွေကို တွေ့နေရပါတယ်။ မြင်မကောင်းရှုမကောင်း ပိုးဆိုးပက်စက် သေဆုံးနေတာတွေ၊ ဖရိုဖရဲလဲပြိုကျနေတဲ့ တိုက်တာအဆောက်အုံနဲ့ နေအိမ်တွေ၊ တဲတွေ၊ ဒီမြင်ကွင်းတွေကလည်း ဖန်တရာတေနေအောင်ပါပဲ။

ဇာတ်ကားထဲကလို ကလေးငယ် မောင်နှမလေးနှစ်ယောက်ရဲ့ အသက်ရှင်သန်အောင် ရုန်းကန်မှု၊ ပျောက်သွားတဲ့ အဖေနဲ့ အမေကို မျှော်နေမှု စတဲ့ ပုံရိပ်တွေကိုတော့ သတင်းတွေထဲမှာ တွေ့ရခဲပါတယ်။

ဒီတော့လည်း ကိုယ့်ဘာသာပဲ ပုံဖော်မြင်ယောင်ကြည့်နေမိပါတယ်။ အဲဒီလိုလုပ်ကြည့်တဲ့အခါကျတော့လည်း ရင်ဟာ တင်းကျပ်လာပြန်ပြီး မေးခွန်းကိုပဲ မေးမိပြန်ပါတော့တယ်။ “ကလေးတွေမှာ ဘာအပြစ်ရှိလို့လဲ”။

စစ်မီးပူလောင်နေလို့ စားနပ်ရိက္ခာတွေလည်း ရှားပါးလာပါတယ်။ စိုက်ပျိုးသူတွေက မစိုက်ပျိုးရ၊ ကုန်ထုတ်သူတွေက မထုတ်လုပ်ရ၊ ရပြန်တော့လည်း သယ်ယူပို့ဆောင်ရေး လမ်းကြောင်းတွေ မပွင့်။ ရက်ရှည်လာတော့ အဒေါ်ဖြစ်သူဟာ သူတို့မောင်နှမကို တင်ကျွေးထားရတဲ့အပေါ် ငြူစူလာပါတယ်။ တစတစနဲ့ သည်းမခံနိုင်အောင်ဖြစ်လာပါတယ်။

ကလေးမလေးဟာ ညညအိပ်မက်တွေမှာ အမေကို ယောင်ရမ်းတမ်းတလို့ နေပါတယ်။ ဒါကိုလည်း ညဘက် အေးဆေးမအိပ်ရလို့ဆိုပြီး အဒေါ်က ဆူပါတယ်။

“သမီး ဒီအိမ်မှာ မနေချင်တော့ဘူး” လို့ ကလေးမလေးက ပြောလိုက်တဲ့အခါ ဇာတ်ကားထဲက အစ်ကိုဖြစ်တဲ့ စိတ်ထိခိုက်ရသလိုမျိုး ကြည့်နေတဲ့ ကျနော့်မှာလည်း ထိခိုက်ရပါတယ်။ တခြားမြို့မှာ ဆွေမျိုးတချို့ရှိပေမဲ့ စစ်အတွင်းမို့ အဆက်အသွယ်လည်း ရှိမနေပါဘူး။ သွားလည်း မသွားတတ်ပါဘူး။

တောထဲမှာ လူသူစွန့်ပစ်ထားတဲ့ ဗုံးခိုကျင်းတစ်ခု တွေ့ရှိသွားတဲ့အခါ အဲဒီကို ပြောင်းရွှေ့လာခဲ့ကြပါတော့တယ်။ အမေချန်ထားခဲ့တဲ့ ငွေကြေးအနည်းငယ်နဲ့ပဲ လိုအပ်တဲ့ ပစ္စည်းကလေးတွေ ဝယ်၊ ချက်ပြုတ်စရာတွေဝယ်ပြီး ဝမ်းရေးကို ဖြေရှင်းကြပါတယ်။

ဒါကိုတွေ့တော့လည်း စိတ်ထဲမှာ နာရပြန်ပါတယ်။ ရပ်ရွာအသိုင်းအဝိုင်းတွေအနေနဲ့ ဒီကလေးနှစ်ယောက်လောက်ကိုတောင် မစောင့်ရှောက်နိုင်လောက်တဲ့အထိ ချွတ်ခြုံကျေခေါင်းပါးသွားလေပြီလားရယ်လို့ တွေးမိတာကြောင့်ပါပဲ။

လူကြီးတွေကတော့ စစ်ပွဲတွေကို ဖန်တီးပြီး ဆော့ကစားကြပါတယ်။ လောဘ ဒါမှမဟုတ် မာနကို အခြေခံပြီးတော့ပေါ့။ ကလေးတွေမှာတော့…..။

ပိုးစုန်းကြူးလေးတွေဟာ ညမှောင်မှောင်မှာ ဝင်းလက်တောက်ပနေကြပါတယ်။ မောင်နှမနှစ်ယောက် ပိုးစုန်းကြူးကလေးတွေကို လိုက်ဖမ်းကြ၊ ကစားကြ။ အိပ်တဲ့ ခြင်ထောင်ထဲအထိ ဖမ်းလာပြီး မီးထွန်းပွဲလုပ်ကြ။ သူတို့မှာ မီးထွန်းစရာ တခြားလည်း ရှိမနေတော့ ဒါကပဲ ညဘက်အလင်းရောင်ပါပဲ။

မောင်နှမနှစ်ယောက် ပျော်ရွှင်နေကြတာကို တွေ့ရတော့ ကျနော့်မှာ ဝမ်းသာရပြန်ပါတယ်။ တင်းတိမ်ရောင့်ရဲစွာနဲ့ ချစ်ခြင်းမေတ္တာရှိစွာနဲ့ နေထိုင်နိုင်ရင်ဖြင့် ဒီလိုပဲ ပျော်စရာဖြစ်လာမှာပဲလို့ တွေးမိပါတယ်။

ကောင်ကလေးဟာ ကျောင်းနေပေမဲ့ အခုတော့ ကျောင်းမီးလောင်သွားခဲ့ပါပြီ။ ကလေးမလေးဟာ ကျောင်းနေရတဲ့ အရွယ်မရောက်သေးပါဘူး။ ကလေးမလေးကို ဘယ်သူ စာသင်ပေးမှာပါလိမ့်။ ဘယ်လို သင်ပေးမှာပါလိမ့်။ စာမတတ်ဘဲ ဖြစ်သွားမှာကိုတော့ ကျနော်က စိုးရိမ်ပါတယ်။

အစောပိုင်းမှာ ပိုက်ဆံနဲ့ ဝယ်စားလို့ ရနေကြသေးပေမဲ့ နောက်ပိုင်းတော့ စားသောက်ဖွယ်ရာတွေက ပိုရှားလာတော့ ရောင်းမပေးတော့ပါဘူး။ စိုက်ပျိုးတဲ့ တောင်သူကြီးတစ်ယောက်ကလည်း သူ့မှာအပိုအလျှံမရှိတော့လို့ ရောင်းဖို့ ငြင်းပါတယ်။ ဒီအတိုင်းဆိုရင်တော့ ရှေ့ဆက်ဒုက္ခများတော့မှာပါပဲ။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံးက ထုတ်ပြန်တဲ့အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လူဦးရေ ၁၈ သန်းလောက်က အကူအညီတွေလိုအပ်နေတာပါ။ တနည်းပြောရင် သုံးယောက်မှာ တစ်ယောက်က ဒုက္ခရောက်နေကြတာပါ။ ၁၈ သန်းထဲက ၁၇ သန်းဟာ အာဏာသိမ်းလိုက်တာရဲ့ အကျိုးဆက်အဖြစ် တိုးလာတာဖြစ်ပါတယ်။

အိုးအိမ်မဲ့သွားတာ၊ ပညာမသင်နိုင်တာ၊ ကျန်းမာရေးချို့တဲ့နေတာ၊ အစားအစာနဲ့ အာဟာရတွေ မလုံလောက်ဖြစ်နေတာက ခြောက်သန်းလောက်ရှိတယ်လို့ ဆိုပါတယ်။

ဒါတွေကို ဘယ်လိုလုပ်ကြမှာပါလဲ။ နိုင်ငံတကာရဲ့ အကူအညီတချို့ ရှိပေမဲ့ တကယ့်လိုအပ်တဲ့ မြေပြင်ကလူတွေဆီအထိ ရောက်ဖို့မှာတော့ အတားအဆီးတွေရှိနေပါတယ်။

စစ်ပွဲတွေကလည်း ပိုပြီး ကျယ်ပြန့်ပြင်းထန်လာနေသလို ဖိနှိပ်ရက်စက်မှုတွေကလည်း ပိုဆိုးနေဆဲပါပဲ။ နိုင်ငံတော်ဟာ ဘယ်ဆီကို ရွေ့နေတယ်ရယ်လို့ မခန့်မှန်းနိုင်လောက်အောင်ပဲ မိုးကြီးချုပ်လို့ နေပါတယ်။

လေယာဉ်တွေက ဗုံးလာကျဲပြီဆိုတဲ့အခါ လူတွေဟာ အိုးပစ်အိမ်ပစ်ပြီး ထွက်ပြေးကြပါတယ်။ ဒီအချက်က ကောင်လေးအတွက် အချက်တွေ့တာပါပဲ။ သူဟာ ဗုံးဆန်တွေကို ဂရုမထားနိုင်ဘဲ လူသူမရှိတော့တဲ့ အိမ်တွေထဲကို ဝင်ပြီး စားစရာရှာပါတော့တယ်။

အကြွင်းအကျန်လေးတွေ တွေ့တဲ့အခါ ဆာလောင်နေတဲ့ သူ့ဗိုက်ကိုရော၊ ညီမလေးရဲ့ ဝမ်းကိုရော ဖြည့်ရပါတယ်။

တစ်ခါတော့ ကလေးမလေးဟာ အပြင်းဖျားပါတော့တယ်။ စားရတဲ့အစာက နည်းလွန်းလို့ အားပြတ်ပြီး လဲပါတော့တယ်။ ဒီကြားထဲ ဝမ်းကလည်း လျှောပါသေးတယ်။ ကလေးလေးဟာ သတိရတချက် မရတချက်နဲ့ ကယောင်ခြောက်ခြားတွေ ဖြစ်လို့နေပါတယ်။

အားပြည့်အောင်ဆိုပြီး အစ်ကိုဖြစ်သူဟာ သူများစိုက်ခင်းထဲက ကြံပင်ကို ခိုးပြီး ကျွေးဖို့ လုပ်ပါတော့တယ်။ ပိုင်ရှင်က မိသွားလို့ ပြင်းပြင်းထန်ထန် ရိုက်နှက်ထိုးပုတ်ခံရပါတယ်။ အညိုအမည်းစွဲဒဏ်ရာတွေဟာ ကောင်လေးရဲ့ ခန္ဓာကိုယ်အပြည့်ပါပဲ။

ရုပ်ရှင်ဇာတ်ကားမို့ ပရိသတ်ပျင်းမသွားစေဖို့ ဇာတ်နာအောင် တမင်ထည့်သွင်းထားတာရယ်လို့ တွေးကြည့်စရာဖြစ်ပေမဲ့ အနုပညာတွေရဲ့ သဘောကိုက ဒီလိုပါပဲ။ ဒါပေမဲ့ တွေးကြည့်ရင် တကယ့်အပြင်မှာက အဲဒါတွေထက်ကို ပိုပြီးဆိုးနိုင်စရာတွေလည်း ရှိနေပြန်ပါတယ်။

ညီမလေးကို ချီပိုးပြီး ဆရာဝန်ဆီ သွားပြပေမဲ့ အခုဖြစ်နေတာဟာ ဘာကြောင့်မှမဟုတ်ဘဲ အာဟာရချို့တဲ့လို့ ဖြစ်ရတာလို့ပဲ ဆရာဝန်က ပြန်ပြောပါတယ်။ ဒီအတွက် ဆေးတစ်ခုခုပေးဖို့ ကောင်လေးက တောင်းပေမဲ့ အာဟာရပြည့်အောင်စားဖို့ပဲ ပြောပြီး ဆေးတော့ မပေးပါဘူး။

“ကျနော်တို့မှာ စားစရာ ဘာမှ မရှိဘူးဗျ” လို့ အော်လိုက်တဲ့ ကောင်လေးရဲ့ အသံဟာ ကျနော့်နားထဲမှာ မြည်ဟိန်းသွားပါတယ်။

ကျနော့်ကို အခုရုပ်ရှင်ကို ကြည့်ဖို့ တစ်ယောက်က တိုက်တွန်းခဲ့ပါတယ်။ ကြည့်ကြည့်၊ တအားကောင်းတယ်၊ နောက်တစ်ခါပြန်မကြည့်ချင်လောက်အောင်ကို ကောင်းတယ်လို့ သူက ပြောတော့ ကျနော်တောင် နားမလည်ဖြစ်ရပါတယ်။ ကောင်းပြီဆိုရင် ကျနော်တို့ဟာ အထပ်ထပ်အခါ လုပ်တတ်ကြတာမဟုတ်လား။

အခုတော့ ကျနော်လည်း သဘောပေါက်လိုက်ပါပြီ။ တကယ်လည်း နောက်တစ်ခါ ပြန်မကြည့်ချင်တော့ပါဘူး။ ဒီလိုမျိုး ထိထိခိုက်ခိုက်ဖြစ်ရတာတွေကို နောက်ထပ်တစ်ကြိမ် ပြန်မမြင်ချင်၊ မခံစားချင်တော့ပါဘူး။ အပြင်ကစစ်ပွဲတွေကိုမျိုးကိုလည်း ဘဝမှာ နောက်တစ်ကြိမ် ပြန်မမြင်တွေ့ရဖို့ စိတ်ကူးပါတယ်။

နောက်ဆုံးတော့ ကလေးမလေးဟာ သေဆုံးသွားပါတော့တယ်။ ဂျပန်တွေလည်း စစ်ရှုံးသွားခဲ့ပါတယ်။ တပ်ထဲက သူတို့အဖေဟာလည်း ပြန်ရောက်မလာခဲ့တော့ပါဘူး။ ကောင်လေးလည်း အာဟာရပြတ်ပြီးပဲ သေသွားခဲ့ပါတယ်။

တလောတုန်းက မိတ်ဆွေ သတင်းသမားတချို့နဲ့ ကော်ဖီသောက်ရင်း ဆွေးနွေးပြောဆိုဖြစ်ခဲ့တာတွေကို ပြန်ပြီး အမှတ်ရစရာပါ။

လူ့အသက်တွေတဖွဲဖွဲ သေဆုံးနေတာတွေဟာ ထင်ရှားကျော်ကြား ဆယ်လီတစ်ယောက် ဝက်ခြံပေါက်တာလောက်တောင် စိတ်ဝင်စားစရာ ကောင်းမနေဘူးလို့ တစ်ယောက်က ညည်းတွားပါတယ်။ ပြီးတော့ တန်ဖိုးမရှိသလို ဖြစ်နေတယ်လို့ ဆိုပါတယ်။ သူပြောတာ အမှန်ပါပဲ။

ဒါကလည်း ဘက်အစုံမှာ ပြဿနာတွေရှိနေပုံပါပဲ။ ဖြစ်ရပ်ဖြစ်စဉ်တွေဟာ ပုံစံမကွဲဘဲ ထပ်ခါထပ်ခါဖြစ်နေတဲ့အခါ သတင်းဖော်ပြရသူတွေအဖို့လည်း ပျင်းစရာဖြစ်လာသလို ဖတ်ရှုသူပရိသတ်တွေအတွက်လည်း ငြီးငွေ့ဖွယ်ပါပဲ။

ဒါပေမဲ့လည်း လူ့အသက်တွေဟာ တန်ဖိုးမဲ့နေတာတော့ မဟုတ်ပါဘူး။ တန်ဖိုးတွေကို ဖော်ထုတ်မပြနိုင်တာကြောင့်ပါ။ လူသားမျက်နှာလို့ခေါ်တဲ့ လူမှုဒုက္ခနဲ့ လူ့ခံစားမှုတွေကို ပေါ်လွင်အောင် ဆွဲထုတ်ပြန်နိုင်တဲ့အခါ တန်ဖိုးတွေ မြင့်တက်လာတာပါ။ အဲဒါမျိုးတွေကို များများဆွဲထုတ်ပြနိုင်ဖို့ မျှော်လင့်မိပါတယ်။

ဒါဆိုရင် စစ်ပွဲတွေကို တစ်စုံတစ်ရာ ဟန့်တားနိုင်လေမလား၊ ဒုက္ခကြုံနေရသူတွေအပေါ် ပိုပြီး ကရုဏာသက်စေ၊ အကူအညီတွေရစေမလားပါပဲ။

ငြိမ့်လွင့်