ကံပေါက်တွင် CDM ဆရာမများ ဆက်တိုက်ဖမ်းဆီးခံရ

0
1131
ပုံစာ - CDM ပညာရေးဝန်ထမ်းများပါဝင်သည့် ကံပေါက်သပိတ်စစ်ကြောင်း (ပုံဟောင်း)

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသတွင် အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထား၍ တာဝန်မှ ရပ်နားခံထားရသည့် ဆရာမ ၃ ဦး ဖေဖော်ဝါရီလ ၂၀ ရက်က အဖမ်းခံရကြောင်း ဒေသခံတို့က ပြောသည်။

အဖမ်းခံရသည့်ဆရာမများသည် အထက-ကံပေါက်မှ အလယ်တန်းပြဆရာမ ဒေါ်ယဥ်ယဥ်အေး ၊ မူလွန်-လှည်းကုန်း မှ အလယ်တန်းပြဆရာမ ဒေါ်နီလာစန်း နှင့် ဒေါ်သက်သက်မွန် တို့ဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

“ဆရာမ ဒေါ်ယဥ်အေးက အပြင်တောင်သိပ်မထွက်ဘူး။ မနီလာစန်းလည်း အတူတူပဲ။ အမေကျန်းမာရေးကြောင့် ရွာပြန်ရောက်နေတာ အပြင်သိပ်မထွက်ဘူး။ သူတို့(စစ်တပ်) ဘယ်လိုသိလဲ မသိဘူး ။ သုံးယောက်စလုံး အိမ်တွေမှာပဲ လာဖမ်းသွားတယ်” ဟု ကံပေါက်ရွာက ဒေသခံအမျိုးသမီး တစ်ဦးက ပြောသည်။

ဖေဖော်ဝါရီလ ၁၅ ရက် က ရေဖြူမြို့နယ် ၊ ဆင်ကူးရွာတွင် CDM ပညာရေးဝန်ထမ်း ဒေါ်ကေဂျာဦး အဖမ်းခံရပြီးနောက် CDM ဆရာမများ ဆက်တိုက်အဖမ်းခံနေရကြောင်း ဒေသခံတို့က ဆိုသည်။

CDM ဆရာမ များအပြင် သာမန်အရပ်သားများလည်းအဖမ်းခံနေရပြီး ဖေဖော်ဝါရီလ ၂၂ အထိ Dawei Watch က ရရှိထားသည့် အချက်အလက်များအရ ကံပေါက်ဒေသရှိ ကျေးရွာအုပ်စု ၄ ခုက အမျိုးသား၂ ဦး၊ အမျိုးသမီး ၁၀ဦး စုစုပေါင်း ၁၂ ဦး သည် မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရဆဲဖြစ်သည်။