စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု မွန်ပြည်သစ်ပါတီ၏ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့ ကြေညာ

0
1629

မွန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် မွန်ပြည်သစ်ပါတီသည် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ခိုက်သွားမည်ဟု ယနေ့ (ဖေဖော်ဝါရီ ၁၄) နံနက်ပိုင်းတွင် မွန်၊ မြန်မာ နှစ်ဘာသာဖြင့်ထုတ်ပြန်ခဲ့သည်။

မွန်ပြည်သစ်ပါတီက စစ်ကောင်စီနှင့် အပစ်အခတ်ရပ်စဲရေးကို ဆက်လက်ထိန်းသိမ်းသွားမည်ဟု ပါတီညီလာခံတွင် ဆုံးဖြတ်ခဲ့သော်လည်း လက်မခံသည့်အဖွဲ့ဝင်များက မွန်ပြည်သစ်ပါတီ စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့ကို ဖွဲ့စည်းကာ ယင်းသို့ထုတ်ပြန်ကြေညာလိုက်ခြင်းဖြစ်သည်။

မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဇေယျက အဖွဲ့ခေါင်းဆောင်အဖြစ် ဦးဆောင်မည်ဖြစ်ပြီး ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော၊ ဒုအဖွဲ့ခေါင်းဆောင် နိုင်ဗညားလယ်တို့က ယင်းအဖွဲ့ကို ဦးဆောင်မည်ဖြစ်သည်။

စစ်တပ်၏ အကြမ်းဖက်မှုကို ကာကွယ်ရန်၊ တိုင်းရင်းသားလူမျိုးများ လိုလားတောင့်တသည့် အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့်အပြည့်အဝရှိသော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန်အတွက် စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်နေသော တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး စစ်ကောင်စီကို တိုက်ခိုက်သွားမည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေး နိုင်ငံရေးစစ်ရေးဦးဆောင်အဖွဲ့ ဒု-အဖွဲ့ခေါင်းဆောင် ၁ နိုင်ဗညားလယ်က “ကျွန်တော်တို့အနေနဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့နဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ရဖို့က စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်တဲ့ နည်းလမ်းကလွဲပြီး မရှိတော့ဘူး။ စစ်ကောင်စီနဲ့ ကျွန်တော်တို့ ၃ ကြိမ် ဆွေးနွေးခဲ့ပါတယ်။ ဘာမှ မရခဲ့တဲ့အပြင် သူတို့ရဲ့ဆန္ဒအတိုင်းပဲ ပါလာခဲ့ရတော့ အမျိုးဂုဏ်သိက္ခာ၊ ပါတီလည်း သိက္ခာကျလာတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့ ရည်မှန်းချက်ရဖို့အတွက် တိုက်ပွဲဝင်ဖို့ အချိန်တန်ပြီ။ ညီလာခံမှာ ဆွေးနွေးဆုံးဖြတ်ထားတာက စစ်ကောင်စီနဲ့က အပစ်ခတ်ရပ်စဲရေးကို ထိန်းသွားမယ်ပေါ့ ဒီအပေါ်မှာ အမြင်မတူသူတွေ စစ်ကောင်စီကို တိုက်ဖျက်ဖို့ အမြင်တူသူတွေ စုစည်းပြီးတော့ နိုင်ငံရေးစစ်ရေး ဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးတော့ စစ်ကောင်စီကို တိုက်ဖျက်သွားမယ်” ဟု ဆိုသည်။

ပြည်သူများကို အကာအကွယ်ပေးရန်နှင့် မိမိတို့လိုလားသည့် အမျိုးသားတန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်း ခွင့် အပြည့်အဝရှိသည့် ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန်အတွက် စစ်တပ်၊ စစ်အာဏာရှင်စနစ်နှင့် အာဏာရှင်စနစ်ဟူသမျှ ချုပ်ငြိမ်းရေးသည်သာ တစ်ခုတည်းသော နည်းလမ်းဟု ယုံကြည်ကြောင်း ထုတ်ပြန်ထားသည်။

ထိုယုံကြည်ချက်၊ ရပ်တည်ချက်ကို (၁၁) ကြိမ်မြောက် ပါတီညီလာခံ၌ အကျေအလည် ဆွေးနွေးခဲ့သော်လည်း လတ်တလောအခြေအနေတွင် နှစ်ဖက်သဘောတူ အပစ်ရပ်စာချုပ် Bilateral Ceasefire Agreement အတိုင်း ရပ်တည်သွားပြီ စစ်ကောင်စီနှင့် ဆက်ဆံသွားရန် ညီလာခံက ဆုံးဖြတ်ခဲ့သည်ကို လုံးဝ လက်မခံနိုင်ဘူးဟုလည်း ဆိုထားသည်။

မွန်ပြည်သစ်ပါတီသည် မြန်မာ့နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ၁၉၉၅ ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်များရယူပြီး NLD အစိုးရလက်ထက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် (NCA) ကို လက်မှတ်ရေးထိုးခဲ့သော်လည်း နှစ်ရှည်ကြာခဲ့သည်အထိ နိုင်ငံရေးပြဿနာကို မဖြေရှင်းသည့်အပြင် မိမိတို့ တပ်စခန်းများ သိမ်းပိုက်ခြင်းအပါအဝင် မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနား ပြုလုပ်သည်မှအစ စစ်တပ်မှ နည်းမျိုးစုံ ဖိအားပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မွန်ပြည်သစ်ပါတီသည် NCA စာချုပ် သဘောတူညီချက်များအရ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးအရ အဖြေရှာရန် နည်းလမ်းပေါင်းစုံဖြင့် တစိုက်မတ်မတ် ကြိုးပမ်းအားထုတ်ခဲ့ပြီး စစ်ကောင်စီနှင့် ၃ ကြိမ်တိုင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုတွေ့ဆုံဆွေးနွေးမှုတွင် အားလုံးပါဝင်နိုင်သည့် နိုင်ငံရေးဆွေးနွေးပွဲများကသာ လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မည်ဟူသည့် ရပ်တည်ချက်အပါအဝင် မိမိတို့ပါတီ လိုလားသည့် ဖက်ဒရယ်အခြေခံမူများကို တင်ပြဆွေးနွေးခဲ့သော်လည်း မျှော်မှန်းသည့်ရလဒ်များ လုံးဝ မရရှိခဲ့ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အာဏာသိမ်းစစ်တပ်သည် လက်နက်အားကိုးပြီး ပြည်သူလူထုအပေါ် လူမဆန်စွာ ဖမ်းဆီးညှင်းဆဲ အကျဉ်းချသတ်ဖြတ်မှုများ နေ့စဉ်ကျူးလွန်နေပြီး မွန်ပြည်နယ်တွင်လည်း စစ်တပ်၏ အကြမ်းဖက်မှု မျိုးစုံ ကြုံတွေ့နေရသည်။

အထူးသဖြင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် စစ်ကောင်စီမှ ဖမ်းဆီးသတ်ဖြတ်မှုများ၊ လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ နေအိမ်မီးရှို့မှုများ ပိုမိုပြုလုပ်လာသည်ဟု မွန်ပြည်သစ်ပါတီက ဆိုထားသည်။

ထိုသို့သော အကြမ်းဖက်မှုများကို ကျူးလွန်နေသည့် စစ်ကောင်စီနှင့် နိုင်ငံရေးအရ ဆက်လက်တွေ့ဆုံဆွေးနွေး အဖြေရှာရန် မဖြစ်နိုင်တော့ဘူးဟု မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တိုက်ဖျက်ရေးအဖွဲ့က ထုတ်ပြန် ကြေညာလိုက်သည်။