ဖူးခက်တွင် ဆိုင်ကယ်ခိုးသည်ဟုဆိုကာ မြန်မာလုပ်သားတစ်ဦး ဖမ်းဆီးခံရ

0
1225

ထိုင်းနိုင်ငံတောင်ပိုင်း ခရီးသွားမြို့ဖြစ်သော ဖူးခက်မြို့တွင် ဆိုင်ကယ်ခိုးသည်ဟုစွပ်စွဲချက်ဖြင့် မြန်မာအလုပ်သမား တစ်ဦး ဖေဖော်ဝါရီလ ၄ ရက်နေ့ ညပိုင်းတွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဖူးခက်မြို့ ကရွန်ဒေသ ကတာတောင်ကုန်းပေါ်တွင် အသက် ၃၂ နှစ်အရွယ် ကိုညီညီထွေးအမည်ရှိသော မြန်မာ အလုပ်သမားကို ညဘက်တွင် ဆိုင်ကယ်များ ပတ်ခိုးနေသည်ဟုဆိုကာ ထိုင်းရဲတပ်ဖွဲ့က ပူးပေါင်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ရေးသားထားသည်။

ဖူးခက်မြို့အတွင်းရှိ ကရွန်ဒေသနှင့် အနီးတဝိုက်နေရာများတွင် ညဘက် ဆိုင်ကယ်များ ပျောက်ဆုံးနေသည်ကို ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဩဂုတ်လကတည်းက တိုင်ကြားချက်ရရှိထားခဲ့ကြောင်း ဆိုသည်။

ထို့ကြောင့် သံသယရှိသူကို ဖူးခက်တရားရုံးက ဝရမ်းထုတ်၍ ရှာဖွေဖမ်းဆီးနေခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ရဲတပ်ဖွဲ့များက CCTV မှတ်တမ်းများမှတစ်ဆင့် ခြေရာခံပြီး အသွင်ယူ၍ ဖမ်းဆီးရာ ကိုညီညီထွေးကို ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားထားသည်။

ကိုညီညီထွေးသည် ညဘက်တွင် မြို့အတွင်းသို့ လှည့်လည်သွားလာစဉ် ဆိုင်ကယ်တွင် သော့တန်းလန်းရှိနေလျှင် ပိုင်ရှင်ဟန်ဆောင်ကာ ဆိုင်ကယ်ကို ခိုးယူစီးနင်းခဲ့သည်ဟု ရဲတပ်ဖွဲ့ထံ ဝန်ခံကြောင်း သတင်းများက ဆိုသည်။

ခိုးမှုဖြင့် မြန်မာအလုပ်သမားကို ကနဦး အမှုဖွင့်ထားပြီး ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် ကရွန်ရဲစခန်းသို့ ပို့ဆောင်ထားကာ နောက်ထပ်ဆက်စပ်နေသူများကို ဆက်လက်စုံစမ်းသွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

ပြီးခဲ့သော ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း ဖူးခက်ခရိုင် ပါတော်ဒေသရှိ ဟိုတယ်တစ်ခုတွင် လုပ်ကိုင်နေသော ဟိုတယ်ဝန်ထမ်း မြန်မာအမျိုးသမီးတစ်ဦးကို နိုင်ငံခြားသား ဧည့်သည်ထံမှ ဘတ် ၁၄၀,၀၀၀ ကျော်တန်ဖိုးရှိ ငွေကြေးခိုးယူသည်ဟုဆိုကာ ပါတော်ရဲစခန်းက ဖမ်းဆီးခဲ့သေးသည်။

Ref: Phuket News, 77 kaoded, Thaiger