ကော့သောင်း စူငယ်ဘာလိုင်းရွာတွင် စစ်ကောင်စီ တပ်လာစွဲပြီး ဒေသခံများကို သစ်ဝါးသယ်ခိုင်း

0
1410

ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု ဘာလိအော်ရွာရှိ တာဝါတိုင်ရှိသည့် တောင်ပေါ်တွင် စစ်ကောင်စီတပ်သား အများအပြား တပ်လာစွဲထားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သား ၇၀ ခန့်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့က ကားများဖြင့်ရောက်လာပြီး တာဝါတိုင်ရှိသည့် တောင်ပေါ်တွင် တပ်စခန်းလာဆောက်နေခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ယခင်ကမူ အဆိုပါတာဝါတိုင်တောင်ပေါ်တွင် စစ်ကောင်စီအစောင့် စစ်သား အနည်းငယ်သာရှိရာမှ လက်ရှိတွင် အင်အားအများအပြားဖြင့် တပ်လာစွဲခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

စစ်ကောင်စီတပ်သားများ ရောက်လာချိန်တွင် ဘာလိအော်ရွာရှိ ဒေသခံများကို တစ်အိမ်တစ်ယောက်နှုန်း မလာမနေရ ဆင့်ခေါ်ပြီးနောက် စခန်းဆောက်မည့် သစ်တိုင်၊ သစ်သားနှင့် ဝါးများကို တောင်ပေါ်သို့ သယ်ခိုင်းခဲ့ကြောင်း ၎င်းက ပြောဆိုသည်။

“တစ်အိမ်တစ်ယောက် တိုင်တွေ၊ သစ်တွေ၊ ဝါးတွေကို တောင်ပေါ်ကို ထမ်းပို့ခိုင်းတာပေါ့။ တစ်အိမ်တစ်ယောက် လုပ်အားပေးခေါ်တယ်” ဟု အဆိုပါ အထက်ပါဒေသခံက ပြောသည်။

ဘာလိအော်ရွာတွင် အိမ်ခြေ ၃၀၀ ခန့်ရှိပြီး ပင်လယ်ကမ်ခြေရွာဖြစ်သည်။

တနင်္သာရီတိုင်းအတွင်း နေရာအနှံ့တွင် တိုက်ပွဲများပြင်းထန်လာချိန် စစ်ကောင်စီတပ်က ယင်းဒေသတစ်လျှောက်ရှိ ပင်လယ်ကမ်းစပ်ရွာအများစုတွင် တပ်လာစွဲခဲ့ကြောင်း အထက်ပါဒေသခံက ဆိုသည်။

အဆိုပါရွာနှင့် အနီးအနားရှိ ကျေးရွာအချို့တွင် တပ်လာစွဲထားသည်ဟု ကြားရသော်လည်း မည်သည့်ရွာတွင်လာစွဲထားသည်ကိုမူ စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

စူငယ်ဘာလိုင်းကျေးရွာအုပ်စုတွင် ပုဂ္ဂလိကပိုင် ဆီအုန်းခြံ အများအပြား ရှိပြီး ဂျပန်ကမ်းခြေဟုခေါ်သည့် နာမည်ကြီးကမ်းခြေတစ်ခုလည်းရှိသည်။