တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
1729

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၂၈ ရက်နေ့မှ ဖေဖော်ဝါရီလ ၃ ရက်နေ့အထိ

မြန်မာပြည်သူ ၁၆သိန်းကျော် စစ်ဘေးရှောင်နေရပြီး ၁၈သန်း အကူအညီလိုအပ်

ပုံစာ – ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုမြို့သစ်အနီးမှာ တိုက်ပွဲတွေပြင်းထန်သောကြောင့် ဒေသခံရှစ်ထောင်ကျော်ဟာ သောင်ရင်းမြစ်ကိုဖြတ်ကူးပြီး ထိုင်းနိုင်ငံ မဲဆောက်ဘက်သို့ ၂၀၂၃ ခုနှစ် ဧပြီလဆန်းပိုင်းက ထွက်ပြေးတိမ်းရှောင်ကြစဉ်။

မြန်မာစစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်သူ ၁ဒသမ၆သန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရသလို ပြည်သူ ၁၈ သန်းဟာ လည်း အကူအညီလိုအပ်နေတယ်လို့ ဥရောပသမဂ္ဂနဲ့ အမေရိကန်အပါအဝင် နိုင်ငံတချို့က ပူးတွဲထုတ်ပြန်ပါတယ်။

ကြီးမားတဲ့ လူသားချင်းစာနာမှုဆိုင်ရာအကျပ်အတည်းကို ပိုမိုကျယ်ပြန့်လာစေဖို့ တွန်းအားပေးလျက်ရှိတယ်လို့လည်း ဆိုပါ တယ်။ စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေ၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ယူကေနဲ့ အမေရိကန်ပြည်ထောင်စုတို့ပူးတွဲ ထုတ်ပြန်ခဲ့တာပါ။

စစ်ကောင်စီက လူထောင်ပေါင်းများစွာကို ထောင်ချတာ၊ ညှဉ်းပန်းနှိပ်စက်တာ၊ သတ်ဖြတ်တာစတဲ့ အရပ်သားပြည်သူတွေ အပေါ် အကြမ်းဖက်မှုတွေ မြင့်မားလာတယ်လို့ ပူးတွဲကြေညာချက်ကဆိုပါတယ်။ ဒါ့အပြင် အိမ်၊ ကျောင်း၊ ကျန်းမာရေးနဲ့ ဘာသာရေး အဆောက်အအုံတွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ မီးရှို့တာတွေ လုပ်လာတယ်လို့လည်း ဖော်ပြပါတယ်။

စစ်ကောင်စီတပ်အနေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့၊ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံဆွေးနွေးဖို့၊ လူသားချင်စာနာတဲ့အကူအညီတွေ ပေးခွင့်ပြုဖို့လည်း တိုက်တွန်းထားပါတယ်။

……………………………………

စစ်တပ် နိုင်ငံရေးကနေ အပြီးထွက်မှပဲ နိုင်ငံရေးဆွေးနွေးမယ်

ပုံစာ – ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ရန်ကုန်၌ ပြုလုပ်သည့်အာဏာသိမ်းမှု ဆန့်ကျင်ဆန္ဒပြပွဲ။

မြန်မာစစ်တပ် နိုင်ငံရေးမှာ ပါဝင်နေတာကို အဆုံးသတ်မှပဲ နိုင်ငံရေးအရ ဆွေးနွေးမယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ NUG နဲ့ တိုင်းရင်းသားအဖွဲ့တွေက ဘုံသဘောတူညီချက်ထုတ်ပြန်ထားပါတယ်။

လက်နက်ကိုင်တပ်ဖွဲ့အားလုံးကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရလက်အောက်မှာ ထားရှိမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အပြီးတိုင် ဖျက်သိမ်းမယ်လို့လည်း ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်တဲ့ ဘုံသဘောတူညီချက်မှာ ဖော်ပြပါတယ်။

စစ်တပ်အုပ်ချုပ်မှုကို ဖယ်ရှားပြီးရင် စုပေါင်း ခေါင်းဆောင်မှုနဲ့ အသွင်ကူးပြောင်းရေးကာလ အမျိုးသားညီညွတ်ရေးအစိုးရ (T-NUG) ကို ဖွဲ့စည်းမယ်လို့ ဆိုပါတယ်။ အဲဒီနောက်မှာ ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသစ်ကို တည်ဆောက်မယ်လို့ ပြောပါတယ်။

ဒီဘုံသဘောတူညီချက်ကို NUG နဲ့ တော်လှန်ရေးအဖွဲ့တွေက ပူးပေါင်းထုတ်ပြန်တာလို့ NUG က ဆိုပေမယ့် ဘယ်အဖွဲ့တွေ ပါဝင်တယ်ဆိုတာကို တိတိကျကျဖော်ပြတာ မရှိပါဘူး။ ဆက်သွယ်မေးမြန်းနိုင်သူစာရင်းမှာတော့ NUG အပြင် ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPPတို့ကို ဖော်ပြထားတာတွေ့ရပါ တယ်။

……………………………………

ရှမ်းမြောက်အပစ်ရပ်ပြီးနောက် စစ်ကိုင်းမှာ စစ်ကြောင်းထိုး ဖမ်းဆီးသတ်ဖြတ်တာတွေပြန်လုပ်လာ

ရှမ်းမြောက်မှာ အပစ်အခတ်ရပ်ပြီးနောက် စစ်ကိုင်းတိုင်းထဲမှာ စစ်ကောင်စီတပ်က စစ်ကြောင်း ဖမ်းဆီး သတ်ဖြတ် မီးရှို့တာတွေ လုပ်လာတယ်လို့ ပြည်တွင်းသတင်းတချို့ရဲ့ ဖော်ပြချက်အရသိရပါတယ်။

ဒီပဲယင်း၊ ကောလင်း၊ ခင်ဦး၊ ရေဦး၊ ကန့်ဘလူ၊ ကျွန်းလှ၊ မုံရွာ၊ ဆားလင်းကြီး၊ ဘုတလင်၊ အရာတော် စတဲ့မြို့နယ်တွေမှာ ကျေးရွာတွေကို ဇန်နဝါရီလထဲမှာ စစ်ကြောင်းဝင်ရောက်ပြီး ဖမ်းဆီးသတ်ဖြတ် နေအိမ်မီးရှို့တာတွေ ပြန်လုပ်လာတယ်လို့ ဆိုပါတယ်။ အစုအလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေလည်း ရှိနေတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုတွေကြောင့်လည်း ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံး နေကြရသလို စစ်ကြောင်းဝင်ထိုးရောက်မှုတွေကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

……………………………………

စစ်ကောင်စီသက်တမ်း ခြောက်လထပ်တိုး

နိုင်ငံတော်ဟာ သာမန်မဟုတ်တဲ့အခြေအနေမှာ ရှိနေဆဲဖြစ်တယ်ဆိုပြီး စစ်ကောင်စီသက်တမ်းကို ကာလုံကနေ နောက်ထပ် ခြောက်လ သက်တမ်းတိုးပေးလိုက်ပါတယ်။

သမ္မတကပဲ ခေါ်ခွင့်ရှိတဲ့ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကို စစ်တပ် တင်မြှောက်ထားတဲ့ ယာယီသမ္မတဦးမြင့်ဆွေက ဇန်နဝါရီလ ၃၁ရက်နေ့မှာ ခေါ်ယူကျင်းပပြီး သက်တမ်းတိုးပေးခဲ့တာပါ။

နိုင်ငံတဝန်းတိုက်ပွဲတွေ ပြင်းထန်နေတာ၊ ကျားဖြန့်လို့ ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နှင်းဖို့၊ ရွေးကောက်ပွဲ ကျင်းပဖို့ အချိန်လိုအပ်နေသေးတာ စတာတွေကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးပေးဖို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တင်ပြတောင်းဆိုခဲ့တာကို ကာလုံက ခွင့်ပြုခဲ့တာပါ။

အခုလို သက်တမ်းတိုးပေးနေတာ ငါးကြိမ်မြောက်အထိ ရှိလာပြီလည်း ဖြစ်ပါတယ်။ လိုအပ်ရင် သက်တမ်း ထပ်တိုးပေးဦးမယ်လို့လည်း ယာယီသမ္မတ ဦးမြင့်ဆွေက ပြောဆိုခဲ့ပါသေးတယ်။

……………………………………

အာဏာသိမ်းမှုသုံးနှစ်ပြည့်နေ့ အသံတိတ်သပိတ်လုပ်

ပုံစာ – အသံတိတ်သပိတ်နေ့ ထားဝယ်မြင်ကွင်း။

စစ်အာဏာသိမ်းမှု သုံးနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ရက်နေ့မှာ နိုင်ငံတဝန်း အသံတိတ်သပိတ်ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေးမြို့ကြီးတွေအပါအဝင် နိုင်ငံတစ်ဝန်းက မြို့တွေမှာ နံနက် ၁၀ နာရီကနေ ညနေ ၄နာရီအထိ နေအိမ်အပြင် မထွက်ဘဲ အသံတိတ်သပိတ်ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ အသံတိတ်သပိတ် မလုပ်ခင်နဲ့ ပြုလုပ်ပြီးနောက်မှာ စစ်အာဏာ သိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြတာတွေ လုပ်ဆောင်ခဲ့ကြပါတယ်။ အလားတူ ပြည်ပရောက်မြန်မာနိုင်ငံသားတွေကလည်း စစ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

အသံသပိတ်လုပ်တာနဲ့ပတ်သက်လို့ စစ်ကောင်စီက ပြည်သူအချို့ကို ဖမ်းဆီးတာတွေ ရှိခဲ့သလို အသံတိတ်သပိတ်နေ့မှာ ပိတ်ထားတဲ့ ဆိုင်ရှင်တွေကို သတိပေးတာ၊ ခံဝန်ထိုးခိုင်းတာ၊ ငွေဒဏ်ရိုက်တာတွေလည်း လုပ်ဆောင်ခဲ့ပါတယ်။

အသံတိတ်သပိတ်ပြုလုပ်နေချိန် စစ်တပ်ထောက်ခံသူတွေကတော့ ရန်ကုန်မှာ လမ်းမပေါ်ထွက်ပြီး တန်ပြန်ဆန္ဒပြခဲ့ကြပါသေးတယ်။ 

……………………………………

ရခိုင်မှာ သုံးရက်အတွင်း စစ်ကောင်စီတပ်ရင်းသုံးခု အသိမ်းခံရ

ရခိုင်မှာ သုံးရက်အတွင်း မြို့နယ်သုံးခုက စစ်ကောင်စီတပ်ရင်း သုံးရင်းကို ရက္ခိုင့်တပ်တော် AA က သိမ်းယူလိုက်ပါတယ်။

မင်းပြားမြို့မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ ၃၈၀ ကို ဇန်နဝါရီလ ၂၈ ရက်နေ့မှာ သိမ်းယူခဲ့ပါတယ်။ အဲဒီနောက် ကျောက်တော် မြို့မှာရှိတဲ့ ခမရ ၃၄၇ တပ်ရင်းနဲ့ မြောက်ဦးမြို့မှာရှိတဲ့ ခမရ ၅၄၀ တပ်ရင်းတွေ ဇန်နဝါရီလ ၃၀ ရက်နေ့ တစ်ရက်တည်းမှာ သိမ်းယူခဲ့ပါတယ်။

စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေ ပူးပေါင်းတိုက်ခိုက်နေတဲ့ကြားကနေ သိမ်းယူနိုင်ခဲ့တာလို့လည်း AA က ဆိုပါတယ်။ မြောက်ဦးနဲ့ မင်းပြားမှာ တပ်ရင်းသုံးရင်းစီရှိတဲ့အထဲက တပ်ရင်းတစ်ခုစီကို သိမ်းယူခဲ့တာဖြစ်ပါတယ်။ ကျောက်တော်မှာဆိုရင် အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်အပါအဝင် တပ်ရင်းသုံးခုရှိတဲ့အထဲက တပ်ရင်းတစ်ခုကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ရမ်းဗြဲမြို့တွေမှာတိုက်ပွဲဖြစ်နေသလို ပုဏ္ဏားကျွန်းမြို့နယ်မှာလည်း ဇန်နဝါရီ ၃၁ရက်နေ့ မှာ စတင်တိုက်ပွဲဖြစ်ပွားပါတယ်။ ရသေ့တောင်၊ ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တွေမှာလည်းတိုက်ပွဲတွေ ရှိနေပါတယ်။

ရခိုင်မှာ တိုက်ပွဲတွေပြင်းထန်လာတာကြေင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းဝန်ထမ်းတွေ အရေးပေါ် ရွှေ့ပြောင်းနေကြပြီဖြစ်ပါတယ်။

……………………………………

ကိုးကန့်ဒေသဥက္ကဋ္ဌဟောင်းအပါအဝင် ကိုးကန့်သူဌေး ၁၀ဦးကို တရုတ်လက်ထဲအပ်

တရုတ်က ဖမ်းဝရမ်းထုတ်ထားတဲ့ ကိုးကန့်ဒေသဥက္ကဋ္ဌဟောင်းလည်းဖြစ်၊ ကြံ့ခိုင်ရေးပါတီ လွှတ်တော်အမတ်ဟောင်းလည်း ဖြစ်တဲ့ ပယ်ဆောက်ချိန်အပါအဝင် ကိုးကန့်သူဌေး ၁၀ဦးကို စစ်ကောင်စီက တရုတ်နိုင်ငံသို့ လွှဲပြောင်းပေးလိုက်ပါတယ်။

လွှဲပြောင်းပေးတဲ့ ဇန်နဝါရီလ ၃၀ ရက် ညမှာပဲ တရုတ်ရဲတပ်ဖွဲ့က နေပြည်တော်သို့ လာရောက်ပြီး ဖမ်းဆီးခေါ်ဆောင်သွား တာပါ။ ကိုးကန့်သူဌေးတွေဟာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် ဖမ်းဝရမ်းထုတ်ခံထားရတာပါ။

ရှမ်းမြောက်မှာ စစ်ရေးပြင်းထန်လာချိန် ကိုးကန့်ဒေသက သူဌေးတွေကို စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် သယ်ထုတ်ကာ နေပြည်တော်မှာ စောင့်ရှောက်ထားတယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ခဲ့ဖူးပါတယ်။

အခု လွှဲပေးလိုက်သူတွေထဲမှာ ပယ်ဆောက်ချိန်ရဲ့ သားဖြစ်သူ ကိုးကန့် ပြည်သူ့စစ်ခေါင်းဆောင် ပယ်ရင်ချန်၊ ကိုးကန့်ဒေသ အမှတ် ၁၀၀၆ နယ်ခြားစောင့်တပ် ဗဟိုအကြံပေးနဲ့ ကွက်ကဲရေးအဖွဲ့ ဥက္ကဋ္ဌ ဝေ့ဟွိုင်ရန် တို့ပါဝင်ပါတယ်။ ဒါ့အပြင် ကိုးကန့် ဒေသမှာ အချမ်းသာဆုံးဖြစ်တဲ့ ဖူလီလုပ်ငန်းစုက လျိုကျန့်ရှန်၊ လျိုကျန့်မောက်၊ ရွှီလောက်ဖာတို့လည်း ပါဝင်ပါတယ်။

စစ်ကောင်စီက ကိုးကန့်သူဌေးတွေကို နေပြည်တော်မှာ လနဲ့ချီကြာ ခေါ်ထားပြီမှ တရုတ်လက်ထဲ ဘာကြောင့် လွှဲပေးလိုက်တယ်ဆိုတာကို မသိရသေးပါဘူး။

……………………………………

တစ်လအတွင်း စစ်ကောင်စီလေယာဉ် သုံးစင်းပစ်ချခံရ

ဇန်နဝါရီလ တစ်လထဲမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစ်စင်းနဲ့ ရဟတ်ယာဉ်နှစ်စင်း ပစ်ချခံခဲ့ရပါတယ်။

ဇန်နဝါရီလ ၂၉ရက်နေ့က ကရင်ပြည်နယ် မြဝတီမြို့အနီး သင်္ဃန်းညီနောင်မှာရှိတဲ့ ခြေမြန်တပ်ရင်း ခမရ ၃၅၅ သို့ လာရောက်တဲ့ ရဟတ်ယာဉ်နှစ်စင်းအနက် Eurocopter 365 အမျိုးအစား ရဟတ်ယာဉ်တစ်စင်း ပစ်ခတ်ချခံခဲ့ရပါတယ်။ ကရင်တပ် KNLA နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝိုင်းဝန်းပစ်ခတ်ခဲ့ကြတာပါ။

ရဟတ်ယာဉ်မှာ လိုက်ပါလာတဲ့ ဗိုလ်မှူးချုပ် အေးမင်းနောင်အပါအဝင် ဗိုလ်မှူး သုံးဦးနဲ့ ဗိုလ်ကြီးတစ်ဦး စုစုပေါင်း ငါးဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလ ၃ရက်နေ့မှာလည်း ကချင်တပ် KIA က လိုင်ဇာအနီးမှာ စစ်ရဟတ်ယာဉ်တစ်စင်း ပစ်ချခဲ့သလို ဇန်နဝါရီလ ၁၆ ရက်နေ့ကလည်း ရှမ်းမြောက် ကွတ်ခိုင်မြို့နယ်ထဲမှာ ဂျက်တိုက်လေယာဉ်တစ်ဦးကို KIA က ပစ်ချခဲ့ပါသေးတယ်။

……………………………………