ချင်းမိုင် လေထုညစ်ညမ်းမှုနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ကို တရားစွဲထားမှု ပြည်သူများအနိုင်ရရှိ

0
912

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင်နှင့် အနီးခရိုင်များတွင် ကြုံတွေ့ခဲ့ရသော လေထုညစ်ညမ်းမှုနှင့် ပတ်သက်၍ ထိုင်းဝန်ကြီးချုပ်ကို တရားစွဲဆိုထားသော အမှုတွင် ပြည်သူများက အနိုင်ရရှိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ချင်းမိုင်ပြည်သူများက အမှုကို ခရိုင်တရားရုံးတွင် ၂၀၂၃ ဧပြီလက တရားစွဲဆိုခဲ့ပြီးနောက် ကိုးလအကြာ ၂၀၂၄ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် အပြီးသတ် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုခံရသူများသည် အမျိုးသား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေအခွင့်အာဏာကို ထိထိရောက်ရောက် အသုံးပြု၍ အရေးပေါ် အစီအစဥ်တစ်ရပ်ကို ရက် ၉၀အတွင်း အမြန်ဆုံး ပြင်ဆင်ပေးရန် တရာရုံးက အမိန့်ချမှတ်လိုက်ကြောင်း ဖော်ပြထားသည်။

အ‌ရေးပေါ် အစီအစဥ်တွင် လေထုညစ်ညမ်းမှုကို ကြိုတင်ကာကွယ်ရန်နှင့် သက်ရောက်မှုလျော့ပါးလာစေရန် ရေရှည်အရေးပေါ်အစီအစဉ်ကို သတ်မှတ်ရက်များအတွင်း ရေးဆွဲတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ်နှင့် အမျိုးသားပတ်ဝန်းကျင် ဘုတ်အဖွဲ့များသည် ထိုင်းနိုင်ငံမြောက်ပိုင်း ခရိုင်များတွင် လေထုညစ်ညမ်းမှု ပြဿနာကို ထိထိရောက်ရောက် မဖြေရှင်းပေးခဲ့သလို အချိန်မီ ဖြေရှင်းပေးရန် ပျက်ကွက်ခဲ့ကြောင်း တရားရုံးက ဆိုသည်။

ချင်းမိုင်အပါအဝင် မြောက်ပိုင်းခရိုင်များသည် လေထုညစ်ညမ်းမှုပြဿနာကို နှစ်စဥ် ဒီဇင်ဘာလမှ ဧပြီလအထိ ပုံမှန် တွေ့ကြုံခံစားနေခြင်းဖြစ်သည်။

ပုံမှန်ဖြစ်ပေါ်နေသော လေထုညစ်ညမ်းမှုပြဿနာကို ထိထိရောက်ရောက် မကိုင်တွယ်နိုင်မှုနှင့်ပတ်သက်၍ ပညာရှင်များ၊ တက်ကြွလှုပ်ရှားသူများ၊ ကျန်းမာရေးဆိုင်ရာ ပညာရှင်များနှင့် ချင်းမိုင်ဒေသခံများ ပါဝင်သော လူပေါင်း ၁၇၀၀ ခန့်က ပူးပေါင်း၍ ၂၀၂၃ ခုနှစ် ဧပြီလကတရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာ၊ အမျိုးသားပတ်ဝန်းကျင်ဘုတ်အဖွဲ့ (NEB) ၊ လုံခြုံရေးနှင့်နှီးနှောဖလှယ်ရေးကော်မရှင် (SEC)၊ မြို့တော် ဈေးကွက်ကြီးကြပ်ရေး ဘုတ်အဖွဲ့ (CMSB) စသည်များကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားစွဲဆိုမှုသည် ဝန်ကြီးချုပ် ပရာယွတ် တစ်ဦးတည်းကိုမဟုတ်ဘဲ ဝန်ကြီးချုပ်နေရာတွင်လုပ်ကိုင်မည့် မည်သူကိုမဆို ရည်ရွယ်ခြင်းဖြစ်ကြောင်း ချင်းမိုင်တက္ကသိုလ် ဥပဒေပညာရှင်တစ်ဦးက ၂၀၂၃ ခုနှစ်တွင် ပြောကြားခဲ့ဖူးသည်။

အုပ်ချုပ်ရေးအဖွဲ့များတွင်သာ တာဝန်ရှိပြီး အေဂျင်စီများတွင် တိုက်ရိုက်တာဝန်မရှိသဖြင့် တရားစွဲခံထားရသော SEC နှင့် CMSB အဖွဲ့များကို ၎င်းတို့၏ စွဲဆိုခံထားရမှုကို တရားရုံးက ပယ်ဖျက်ပေးခဲ့ကြောင်း ဖော်ပြထားသည်။

စီးပွားရေးလုပ်ငန်းများနှင့် သက်ဆိုင်သော SEC နဲ့ CMSB အဖွဲ့အစည်းများကို တရားစွဲဆိုရခြင်းသည် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှင့် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးများက နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှုတွင် ပါဝင်နေခြင်းဖြစ်ကြောင်းတရားလို ရှေ့နေ၏ ပြောကြားချက်ကို သတင်းများတွင် ဖော်ပြထားသည်။

Ref: Bangkok Post, Prachatai