တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1169

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဇန်နဝါရီလ ၁၃ ရက်နေ့မှ ၁၉ ရက်နေ့အထိ

ထိုင်ဝမ်ရွေးကောက်ပွဲ အာဏာရပါတီအနိုင်ရ

ဇန်နဝါရီလ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ထိုင်ဝမ်သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိအာဏာရ DPP ခေါင်းဆောင် Lai Ching-te ပဲ ပြန်လည် အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ထိုင်ဝမ်ကို တရုတ်အစိုးရရဲ့ ခြိမ်းခြောက် နောက်ယှက်မှုတွေကနေ ကာကွယ်သွားမယ်လို့ ထိုင်ဝမ် ရွေးကောက်ခံ သမ္မတ Lai Ching-te က ကတိပြုလိုက်တာပါ။

ထိုင်ဝမ်ကို သီးခြား လွတ်လပ်တဲ့ နိုင်ငံအနေနဲ့ ရပ်တည်ဖို့ လိုလားတဲ့ Lai Ching-te ကို ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ပြီး ခွဲထွက်ရေးသမားလို့ တရုတ်အစိုးရက သတ်မှတ်ထားပါတယ်။

ရွေးကောက်ပွဲမှာတော့ Lai က မဲရလဒ်တွေရဲ့ ၄၀ ရာခိုင်နှုန်းကျော်ကို ရရှိ အနိုင်ရခဲ့တာဖြစ်ပြီး တရုတ်အစိုးရနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ အတိုက်အခံ ကူမင်တန် ပါတီက Hou Yu-ih Lai က ၃၃ ရာခိုင်နှုန်း ရရှိခဲ့တာ ဖြစ်ပါတယ်။

Ref: CNN

………………………………..

ဘရူနိုင်းတော်ဝင်မင်းသား မင်္ဂလာဆောင်

ပြည်သူတွေကြား နာမည်ကြီးတဲ့ ဘရူနိုင်းနိုင်ငံက တော်ဝင်မင်းသား အဘ်ဒူလ် မာ့တင်းက ဇန်နဝါရီလမှာ မင်္ဂလာဆောင်သွားပြီ ဖြစ်ပါတယ်။

သူ့လက်ထပ်လိုက်တဲ့ ဇနီးက ဘရူနိုင်းဆူတန်လ်ဘုရင်ရဲ့ အထူးအကြံပေးဖြစ်သူရဲ့ မြေးမ အနီရှာ ရော့စ်နာ အစ္စာ-ကာလီဘစ် ပါ။

သူ့ရဲ့ ဇနီးလောင်းနဲ့ ထိမ်းမြားလက်ထပ်ပွဲကို ၁၀ ရက်ကြာ ကျင်းပနေခဲ့ပါတယ်။

ဇန်နဝါရီ ၁၁ ရက်နေ့က ဗလီမှာ ဘာသာရေးထုံးတမ်းစဉ်လာနဲ့ လက်ထပ်ခဲ့ပါတယ်။

ဇန်နဝါရီလ ၁၄ ရက်နေ့ မင်္ဂလာအခမ်းအနားအပြီးမှာတော့ သူတို့နှစ်ဦးဟာ ဘန်ဒါဆာရီ ဘီဂါဝမ်မြို့တော်ရဲ့ လမ်းတွေကို တော်ဝင်မော်တော်ယာဉ်တန်းနဲ့ လှည့်လည်ပြီး ပြည်သူတွေကို နှုတ်ဆက်ခဲ့ပါတယ်။

ဒီအခမ်းအနားကိုတော့ ဘူတန်ဘုရင်၊ အနောက်နိုင်ငံက တော်ဝင်မိသားစုတွေလည်း တက်ရောက်ခဲ့ပါတယ်။

Ref: CNN

………………………………..

တရုတ်စီးပွားရေး တိုးတက်မှု နှစ် ၃၀ အတွင်း အနိမ့်ဆုံး ရောက်လာ

တရုတ်နိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ပြီးခဲ့တဲ့နှစ်တွေထဲ နှစ်ပေါင်း ၃၀ ကျော်အတွင်း အနိမ့်ဆုံးစာရင်းဝင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ ဒေါ်လာ ၁၇ ဒသမ ၆ ထရီလီယံ တန်ဖိုးရှိတဲ့ စီးပွားရေးတိုးတက်မှုနှုန်း ၅ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့တယ်လို့ ထုတ်ပြန်ခဲ့တာပါ။

နိုင်ငံတကာ အကျပ်အတည်းတွေ၊ အိမ်ခြံမြေလုပ်ငန်းက ပြဿနာတွေနဲ့ ဝယ်ယူစားသုံးမှု ကျဆင်းမှုတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။

၂၀၂၂ ခုနှစ်မှာ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်း ၂ ရာခိုင်နှုန်း တဝိုက်လောက်သာ ရှိခဲ့တာပါ။ ပြီးခဲ့တဲ့ နှစ်မှာတော့ ၃ ရာခိုင်နှုန်းလောက် တိုးလာခဲ့ပါတယ်။

ဒါပေမဲ့လည်း ၂၀၁၀ ပြည့်လွန်ကာလတွေမှာ ၆ ရာခိုင်နှုန်း ၇ ရာခိုင်နှုန်းလောက် အဆင့်ကိုတော့ ပြန်မရောက်သေးပါဘူး။

Ref: CNN

………………………………..

ထိုင်းမီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၂၁ ဦးသေဆုံး

ထိုင်းနိုင်ငံ စူဖန်ဘူရီခရိုင်က မီးရှုးမီးပန်းစက်ရုံ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၁ ဦးသေဆုံးခဲ့ပါတယ်။

ပေါက်ကွဲမှုက ဇန်နဝါရီလ ၁၇ ရက်နေ့ နေ့လယ် ၃ နာရီခွဲအချိန်မှာ ဖြစ်ပွားခဲ့တာပါ။

ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့အချိန် စက်ရုံထဲ အလုပ်သမား ၂၀ ကျော်လောက် အလုပ်လုပ်ကိုင်နေခဲ့ပါတယ်။

ပေါက်ကွဲမှုကြောင့် အလောင်းစတွေ ပြန့်ကျဲနေလို့ သေဆုံးသူ အရေအတွက် တိတိကျကျ မသိနိုင်ဘဲဖြစ်နေခဲ့ပါတယ်။

သေဆုံးသူတွေထဲမှာတော့ ကယ်ဆယ်ရေးအဖွဲ့ဝင် နှစ်ဦး ပါဝင်ခဲ့တယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။

Ref: The Nation

………………………………..

တရုတ်လူဦးရေ စံချိန်တင် ကျဆင်း

တရုတ်နိုင်ငံရဲ့ လူဦးရေဟာ ၂၀၂၃ ခုနှစ်အထိ ၂ နှစ်ဆက်တိုက် စံချိန်တင် ကျဆင်းလာခဲ့ပါတယ်။

မွေးဖွားနှုန်းကျဆင်းလာတာနဲ့ COVID-19 သေဆုံးမှုလှိုင်းတွေ မြင့်တက်လာလို့ ကျဆင်းလာခဲ့တာပါ။

တရုတ်နိုင်ငံရဲ့ စုစုပေါင်း လူဦးရေဟာ ပြီးခဲ့တဲ့ နှစ်နဲ့ ယှဉ်ရင် ၂၀၂၃ ခုနှစ်မှာ ၀ ဒသမ ၂၅ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ လူပေါင်း ၂ သန်းကျော်အထိ လျော့ကျလာခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒါကြောင့် လူဦးရေ ၁ ဒသမ ၄၀၉ ဘီလီယံအထိ ကျဆင်းသွားခဲ့တာပါ။ အိန္ဒိယမှာတော့ လူဦးရေ ၁ ဒသမ ၄၃ ဘီလီယံ ရှိပါတယ်။

မော်စီတုံးလက်ထက် ၁၉၆၁ ခုနှစ်မှာ ငတ်မွတ်ခေါင်းပါးမှုကြီးနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်ပိုင်း အခုလူဦးရေလျော့နည်းလာတာကို ပထမဆုံး ပြန်လည်ရင်ဆိုင်လာခဲ့ရပါတယ်။

Ref: CNA

………………………………..

တရုတ်၏ ကားတင်ပို့မှုက ဂျပန်ကို ကျော်ပြီး ကမ္ဘာ့နံပါတ်တစ်ဖြစ်လာ

၂၀၂၃ ခုနှစ်အတွင်း တရုတ်ဟာ ဂျပန်ရဲ့ ပြည်ပကားတင်ပို့မှုကို ကျော်တက်ပြီး ပထမဆုံးအကြိမ် ကမ္ဘာ့နံပါတ်တစ်နေရာကို ရောက်ရှိလာခဲ့ပါတယ်။

ရုရှားဈေးကွက်ရဲ့ ဝယ်လိုအားမြင့်တက်လာမှုနဲ့အတူ ကမ္ဘာမှာ လျှပ်စစ်ကားတွေရဲ့ အခန်းကဏ္ဍ ပိုမိုကျယ်ပြန့်လာတာကြောင့်ပါ။

၂၀၂၃ ခုနှစ်ထဲ တရုတ်မှာ ကားအစီးရေ သန်း ၃၀ ကျော်ကို ထုတ်လုပ်နိုင်ခဲ့ပြီး ဒီထဲက ၅ ဒသမ ၂၆ သန်းဟာ ပြည်ပကိုတင်ပို့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

၂၀၂၂ ခုနှစ်ကတင်ပို့တဲ့ ၃ ဒသမ ၈၃ သန်းနဲ့ ယှဉ်လိုက်ရင် ၆၂ ရာခိုင်နှုန်း တိုးလာတာဖြစ်ပြီး ကမ္ဘာ့နံပါတ် ၁ ဂျပန်ကို ကျော်တက်သွားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ်က ဂျပန်ရဲ့ကားတင်ပို့မှုက ၄ ဒသမ ၃ သန်းအရေအတွက်ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: REUTERS

………………………………..

ပါကစ္စတန်-အီရန် နယ်စပ်ပစ်ခတ်မှု အရပ်သားများ သေဆုံးလာ

ပါကစ္စတန်နဲ့ အီရန်နိုင်ငံကြား နယ်စပ်ဖြတ်ကျော်ပစ်ခတ်မှုတွေကြောင့် အရပ်သားများ သေဆုံးလာခဲ့ပြီး တင်းမာမှုတွေမြင့်တက်လာနေခဲ့ပါတယ်။

ဇန်နဝါရီလ ၁၈ ရက်နေ့တုန်းက ပါကစ္စတန်က အီရန်နိုင်ငံဘက်မှာရှိတဲ့ စစ်စတန်နဲ့ ဘလူချီစတန်ဒေသတွေကို လေကြောင်းကနေ ပြန်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေး ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးအပါအဝင် ၉ ဦး သေဆုံးခဲ့ပါတယ်။

ပါကစ္စတန်ကတော့ အီရန်နိုင်ငံထဲမှာ ရှိနေတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေကို ပစ်ခတ်ခိုက်ခဲ့တာလို့ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အီရန်ကနေ ပါကစ္စတန်ဘက်ကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးနှစ်ဦး သေဆုံးခဲ့ပါသေးတယ်။

ပါကစ္စတန်နဲ့ အီရန်နှစ်ဘက်လုံး တင်းမာမှုတွေလျော့ချဖို့နဲ့ နောက်ထပ် ပိုမိုတင်းမာမှုတွေ တိုးအောင်မလုပ်ကြဖို့ တရုတ်ဘက်က တိုက်တွန်းထားပါတယ်။

Ref: BBC

………………………………..

ဂါဇာဒေသအတွက် ဆေးရုံသင်္ဘောတစ်စီး အင်ဒိုနီးရှားစေလွှတ်ပေး

ဂါဇာဒေသထဲက ပါလက်စတိုင်းပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီတွေပါတဲ့ ဆေးရုံသင်္ဘောကြီးတစ်စီးကို အင်ဒိုနီးရှားနိုင်ငံက ဇန်နဝါရီလ ၁၈ ရက်နေ့က စေလွှတ်လိုက်ပါတယ်။

အီဂျစ်နိုင်ငံက El-Arish ဆိပ်ကမ်းမှာ ကမ်းကပ်ထားမှာပါ။

ဂါဇာကို ပို့ဆောင်မယ့် အကူအညီတွေကို အီဂျစ်လခြမ်းနီအဖွဲ့ကဆင့် ထောက်ပံ့ရေး အကူအညီတွေကို လွှဲပေးမှာဖြစ်ပါတယ်။

သင်္ဘောကြီးမှာ အစားအသောက်၊ ဆေးဝါးနဲ့ ပစ္စည်းတွေ တန်ချိန် ၂၂၀ လောက်တင်ဆောင်သွားပါတယ်။

လူသားချင်းစာနာမှုအကူအညီတွေသာ ပို့ပေးမှာဖြစ်ပြီး ဆေးရုံသင်္ဘောကြီး အဖြစ်ဆောင်ရွက်မှာတော့ မဟုတ်သေးပါဘူး။

လူနာတွေတင်ဆောင်ကုသပေးတဲ့ ဆေးရုံအဖြစ် အသုံးပြုနိုင်ဖို့ ပါမစ်ရအောင် သက်ဆိုင်သူတွေနဲ့ ညှိနှိုင်းဆောင်ရွက်နေဆဲလို့ အင်ဒိုနီးရှားဘက်က ပြောကြားထားပါတယ်။

Ref: Arab News

………………………………..

ဟူသီသူပုန် ဒုံးကျည်တွေကို အမေရိကန် လေကြောင်းက တိုက်ခိုက်

ယီမင်နိုင်ငံ အနောက်ပိုင်းမှာ ဟူသီသူပုန်တွေရဲ့ မစ်ဇိုင်းဒုံး ၁၄ ခုကို အမေရိကန်က လေကြောင်းကနေ တိုက်ခိုက်ဖျက်စီးခဲ့ပါတယ်။ 

ပစ်ခတ်ဖို့ ပြင်ဆင်နေတဲ့ မစ်ဇိုင်းဒုံးတွေဖြစ်တယ်လို့ အမေရိကန်ဘက်က ဆိုထားတာပါ။

ဒါကြောင့် ဒေသတွင်းမှာရှိတဲ့ အမေရိကန်ရေတပ်သင်္ဘောတွေနဲ့ ကုန်တင်သင်္ဘောတွေအပေါ် ခြိမ်းခြောက်နေတာတွေကို ကာကွယ်လိုက်တာလို့ ထုတ်ပြန်ထားပါတယ်။

ဟူသီသူပုန်တွေရဲ့ တိုက်ခိုက်မှုတိုင်းကို လက်တုံ့ပြန်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ပစ်မှတ်တွေကို ထိမှန်အောင် ပစ်ခတ်နိုင်ခဲ့ပြီး သူပုန်တွေ တိုက်ခိုက်မှုတွေ မလုပ်နိုင်အောင် တားဆီး အင်အားချည့်နဲ့ သွားအောင်လုပ်ဖို့ ရည်ရွယ်တိုက်ခိုက်တာဖြစ်တယ်လို့ ပင်တဂွန်က ဆိုပါတယ်။

Ref: BBC

………………………………..

ဂျပန်တွင် ပထမဆုံး အမျိုးသမီး လေကြောင်းလိုင်းဥက္ကဋ္ဌ တင်မြှောက်

ဂျပန်လေကြောင်းလိုင်းဟာ သူတို့ရဲ့လေယာဉ်မယ်ဟောင်းတစ်ဦးကို ကုမ္ပဏီဥက္ကဋ္ဌအဖြစ် တင်မြှောက်ခဲ့ပါတယ်။

ဒါဟာ ဂျပန်နိုင်ငံသမိုင်းတစ်လျှောက် အမျိုးသမီးတစ်ဦးကို လေကြောင်းလိုင်းဥက္ကဋ္ဌအဖြစ် တင်မြှောက်တာ ပထမဆုံးပါ။

မစ်ဆုကို တော့တိုရီဟာ ၁၉၈၅ ခုနှစ်က ဂျပန်လေကြောင်းလိုင်းမှာ စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်ပါတယ်။

၂၀၀၅ ခုနှစ်မှာတော့ လေယာဉ်မောင်ဌာနကို ဦးစီးခွင့်ရခဲ့ပါတယ်။

သူဟာ ဂျပန်လေကြောင်းလိုင်းရဲ့ ဒုတိယဥက္ကဋ္ဌ၊ ဒါရိုက်တာအဖြစ် တာဝန်ယူထားရာကနေ ဥက္ကဋ္ဌအဖြစ် တင်မြှောက်ခံရတာဖြစ်ပါတယ်။

လာမယ့်ဧပြီလကနေစပြီး ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

Ref: CNN

………………………………..