လက်အောက်ငယ်သားအပေါ် ကိုယ်ထိလက်ရောက်ပြုမူသည့် ပုလော PDF ဒုတပ်ရင်းမှူးကို ရာထူးမှယာယီရပ်ဆိုင်း

0
6337
ပုံစာ - မြိတ်ခရိုင် တပ်ရင်း (၁) က တပ်ဖွဲ့ဝင်များကို အခမ်းအနားတစ်ခုတွင် တွေ့ရစဉ် (ပုံဟောင်း)။ ဓာတ်ပုံ - မြိတ်ခရိုင် တပ်ရင်း (၁)။

လက်အောက်ငယ်သားနှစ်ဦးအပေါ် ကိုယ်ထိလက်ရောက်ပြုမှုခဲ့သည့် မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းက ပုလောပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဒုတပ်ရင်းမှူး ကျော်ထင်အောင်ကို ရာထူးမှ ယာယီရပ်ဆိုင်းထားကြောင်း ယင်းတပ်ရင်း၏ တပ်ဖွဲ့ဝင်အချို့က ပြောသည်။

ဒုတပ်ရင်းမှူးကိစ္စကို KNDO တပ်ရင်း (၇) တပ်ရင်းမှူး ဗိုလ်မှူးကျော်ထွန်း ဦးဆောင်ကာ တပ်ဖွဲ့အတွင်း အစည်းအဝေးဆုံးဖြတ်ချက်အရ ဒုတပ်ရင်းမှူးကို တစ်လယာယီရပ်နားလိုက်ခြင်းဖြစ်ကြောင်း မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန တိုင်ကြားရေးကော်မတီကလည်း စုံစမ်းစစ်ဆေးနေကြောင်း စစ်ဒေသခွဲ အမှတ် (၃) ၊ ဒုစစ်ဒေသခွဲမှူး-၂ ရဲဘော်ဂျူပီတာက ဆိုသည်။

“စုံစမ်းစစ်ဆေးနေတဲ့ ကာလအတွင်း တာဝန်ကနေ ယာယီရပ်ဆိုင်းပါမယ်။ ပြီးရင် စုံ/ခုံနဲ့ စစ်ပါမယ်” ဟု ၎င်းက ပြောသည်။

ပြီးခဲ့သော ဒီဇင်ဘာလ ၂၃ ရက်က မွမ်းမံသင်တန်း မတက်သည့် ရဲဘော်ရောင်နီကို ဒုတပ်ရင်းမှူး ကျော်ထင်အောင်က လုပ်ထုံးလုပ်နည်းနှင့်အညီ အပြစ်မပေးဘဲ သေနတ်ဒင်နှင့် ခေါင်းကိုရိုက်ခြင်း၊ သေနတ်ဖြင့်ချိန်ရွယ်ကာ ခြိမ်းခြောက်ခြင်း၊ အချုပ်ချထားခြင်းတို့ကို လုပ်ဆောင်ခဲ့သည်။

လက်အောက်ငယ်သားအပေါ် ယင်းသို့လုပ်ခွင့်ရှိသလောဟု မေးခွန်းထုတ်ခဲ့သည့် ဒုဘဏ္ဍာရေးမှူးလည်းဖြစ် CDM ကျောင်းဆရာလည်းဖြစ်သူ ကိုစံမျိုးအောင်ကိုလည်း ဒုတပ်ရင်းမှူးက ပါးရိုက်ခဲ့သေးသည်။

ဒုတပ်ရင်းမှူးကျူးလွန်ခဲ့သည့်ကိစ္စကို အမြန်ဆုံးဖြေရှင်းပေးရန် ပြည်ပရောက် ထောက်ပို့ ၁၂ ဖွဲ့က ဇန်နဝါရီ ၉ ရက်တွင် လက်မှတ်ရေးထိုး တောင်းဆိုထားသလို တရားမျှတမှုရှိသည်အထိ မဖြေရှင်းလျှင် ထောက်ပံ့ခြင်းမှုများကိုရပ်ဆိုင်းထားမည် ဖြစ်ကြောင်း ပူးတွဲထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၅ ရက်တွင် အစည်းအဝေးဆုံးဖြတ်ချက်အရ ရာထူးကနေ ယာယီရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) က နစ်နာသူနှစ်ဦးနှင့် နီးစပ်သူ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ဒီလိုပြဿနာတွေဖြစ်နေလို့ ရာထူးကနေ ယာယီရပ်နားထားမယ်ဆိုပြီး ယာယီရပ်ထားတယ်ခင်ဗျ။ အပြစ်ရှိတဲ့သူကို အပြစ်ပေး အရေးယူခံရမယ်။ကျွန်တော်တို့ရဲ့ ခံယူချက်က ဥပဒေအတိုင်းသွားတာပဲ လိုချင်တယ်” ဟု အထက်ပါရဲဘော်က ပြောဆိုသည်။

ရဲဘော်ရောင်နီကိုလည်း ဇန်နဝါရီလ ၁၆ရက်တွင် ဖမ်းဆီးချုပ်နှောင်ထားရာမှ ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း ၎င်းက ပြောသည်။

မြိတ်ခရိုင် အမှတ် (၁) တပ်ရင်းကို ထောက်ပံ့ရေးဆက်လုပ်မည် မလုပ်မည်ဆိုသည့်ကိစ္စကို ဇန်နဝါရီ ၁၇ ရက် ယနေ့ည အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်မည်ဖြစ်သည်ဟု မျှဝေသောလက်များအဖွဲ့ တာဝန်ခံ ကိုဟန်ဝင်းအောင်က ပြောသည်။