ကျောက်မဲတွင် တိုက်ပွဲဖြစ်၊ အပစ်ရပ်သဘောတူညီချက်ကို စစ်ကောင်စီချိုးဖောက်ဟု TNLA ပြော

0
2314
ပုံစာ - မန်တုံမြို့ကို တအာင်းတပ်မတော်က ဒီဇင်ဘာလ ၂၂ ရက်တွင် သိမ်းယူထားစဉ်။ Photo - TNLA

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် တအာင်းတပ်မတော် (TNLA) ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်သဖြင့် နှစ်ဖက် တိုက်ပွဲဖြစ်ပွားကြောင်း TNLA က ထုတ်ပြန်သည်။

တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုဖြင့် စစ်ကောင်စီနှင့် TNLA အပါအဝင် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့တို့ အပစ်ရပ်သဘောတူညီချက်တွင် လက်မှတ်ရေးထိုးပြီး နှစ်ရက်အကြာတွင် တိုက်ပွဲပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။

ယနေ့ ဇန်နဝါရီလ ၁၃ ရက် နံနက် ၉နာရီကျော်တွင် ကျောက်မဲမြို့ စစ်ကောင်စီတပ် ၅၀၁-၅၀၂ တပ်စခန်းက အင်အား အလုံးအရင်းဖြင့် တအာင်းတပ်မတော်တည်ရှိရာ ငြိမ်းချမ်းရေးကုန်းသို့ လာရောက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်နာရီကြာ ထိတွေ့တိုက်ပွဲဖြစ်ကြောင်း ဖော်ပြသည်။

ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် တအာင်းတပ်မတော်ဘက်က နောက်ဆုတ်ပေးလိုက်ရကြောင်း ဆိုသည်။

ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပူပူနွေးနွေးထိုးထားခဲ့သော အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို စစ်ကောင်စီတပ်ဘက်က ပေါ်ပေါ်တင်တင်ချိုးဖောက်ပြီး ထိုးစစ်ဆင်လာခြင်းဖြစ်ကြောင်း TNLA က ထုတ်ပြန်သည်။

ယခု ထိုးစစ်ဆင်တိုက်ခိုက်မှုသည် အပစ်ခတ်ရပ်စဲရေးလက်မှတ်ကို ဒုတိယအကြိမ် ချိုးဖောက်ခြင်းဖြစ်ကြောင်းလည်း ဆိုသည်။

ဇန်နဝါရီလ ၁၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က တအာင်းတပ်မတော်တည်ရှိရာ မိုးကုတ်၊ ကျောက်မဲ၊ လားရှိုးမြို့နယ် တို့တွင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

တရုတ်နိုင်ငံ ကြားဝင်စေ့စပ်မှုဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဇန်နဝါရီလ ၁၁ ရက် ည ၉နာရီခန့်စတင်ကာ နှစ်ဖက် အပစ်အခတ်မှု ချက်ချင်း ရပ်စဲရန် စစ်ကောင်စီနှင့် မြောက်ပိုင်းညီနောင်မဟာမိတ်တို့ ဇန်နဝါရီလ ၁၁ ရက်တွင် တရုတ်နိုင်ငံ ကူမင်းမြို့၌ သဘောတူညီ လက်မှတ်ရေးထိုးခဲ့ ကြသည်။

သဘောတူညီချက်အရ မဟာမိတ်တို့ဘက်က ရှမ်းမြောက်ရှိ စစ်ကောင်စီတပ်၏ စခန်းများ၊ ဗျူဟာကုန်းများအား ထိုးစစ်ဆင် တိုက်ခိုက်မှုများကို စတင်မပြုလုပ်ရန် သဘောတူခဲ့သည်။ စစ်ကောင်စီဘက်ကလည်း ရှမ်းမြောက်ဒေသရှိ မဟာမိတ်တပ်ဖွဲ့တို့ ထိန်းချုပ်၊ သိမ်းပိုက်ထားသော နေရာများအားလုံးသို့ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု မလုပ်ရန် သဘောတူခဲ့သည်။