ရွှေနှင့် ထိုင်းဘတ်ဈေး တစ်ပတ်အတွင်း သုံးသပ်ချက်

0
804

ယခုအပတ် ရွှေဈေးနှင့် ထိုင်းဘတ်ဈေးမှာ အလှုပ်အခတ်နည်းနည်းဖြင့် ဈေးငြိမ်နေခဲ့သည်။

စက်သုံးဆီဈေးမှာ အနည်းငယ် ကျရိပ်ပြလာခဲ့သည်။

ထိုကြောင့် တောင်ပိုင်းသားများအတွက် အရေးပါလှသည့် စက်သုံးဆီ၊ ဘတ်ဈေးနှင့် ရွှေဈေးနှုန်းများ၏ ဈေးကွက်လားရာကို ချိန်ဆနိုင်စေရန် တစ်ပတ်အတွင်း အခြေအနေနှင့် သုံးသပ်ချက်များကို ဖော်ပြလိုက်သည်။

ယခုအပတ်ရွှေဈေးမှာ အတက်အကျနည်းခဲ့ပြီး တစ်ကျပ်သားလျှင် ကျပ်တစ်သောင်းဝန်းကျင်သာ အလှုပ်အခတ်ရှိခဲ့သည်။

ထားဝယ်ဈေးကွက်အတွင်း အခေါက်ရွှေတစ်ကျပ်သားလျှင် သုံးဆယ်ခုနစ်သိန်းစွန်းစွန်း ဈေးဖွင့်ခဲ့သည်။

ထိုင်းဘတ်ဈေးလည်း တောက်လျှောက်ငြိမ်နေပြီး တစ်ဘတ်လျှင် ၉၈ ကျပ်စွန်းစွန်း ပေါက်ဈေးရှိခဲ့သည်။

ယခုအပတ် သောကြာနေ့ပေါက်ဈေးအရ ထိုင်းငွေ ၁၀၁၈ ဘတ်လဲလျှင် မြန်မာငွေကျပ်တစ်သိန်း ရမည်ဖြစ်သည်။

ဓာတ်ဆီဈေးမှာ ကျရိပ်ပြလာသော်လည်း အပြောင်းအလဲနည်းခဲ့သည်။

၉၂ ဓာတ်ဆီတစ်လီတာလျှင် ၂၅၈၅ ကျပ်မှ ၂၆၀၅ ကျပ်အကြား ဈေးဖွင့်ခဲ့သည်။

အဆိုပါဈေးနှုန်းများမှာ လိုင်စင်ရှိဆီဆိုင်ကြီးများတွင် ရောင်းချရန် စစ်ကောင်စီက သတ်မှတ်ပေးထားသည့် နှုန်းထားများဖြစ်သည်။

စစ်ကောင်စီသတ်မှတ်နှုန်းမှာ မြေပြင်တွင်ရောင်းချနေသည့်ဈေးနှင့် အနည်းဆုံး ကျပ်ရာဂဏန်းမှ ထောင်ဂဏန်းအထိ ကွာခြားနေသည်။

ပန့်ခ်ဖြင့်ရောင်းချနေသည့် ပြင်ပဆိုင်ငယ်များတွင် မြို့ပေါ်နှင့် ကျေးလက်အပေါ်မူတည်ပြီး တစ်လီတာလျှင် ၂၈၅၀ ကျပ်မှ ၃၈၀၀ ကျပ်အထိ ရောင်းချနေသည်။

ဈေးကွက်သုံးသပ်ချက်

အလှုပ်အခတ်နည်းနေသည့် အခေါက်ရွှေဈေးမှာ လာမည့်အပတ်တွင်လည်း အပြောင်းအလဲနည်းနိုင်သော်လည်း တက်ရိပ်ပြလာနိုင်သည်။

နိုင်ငံအနှံ့တိုက်ပွဲနှင့် ပဋိပက္ခများ ပိုမိုပြင်းထန်လာခြင်း၊ စီးပွားရေး၊ ကုန်သွယ်ရေး မတည်ငြိမ်မှုများကြောင့် ပြည်တွင်းရွှေဈေးမှာ ဈေးတန်းအမြင့်တွင်ပင် ဆက်ရှိနေမည်ဖြစ်သည်။

လက်ရှိ ကမ္ဘာ့ရွှေဈေးအညွှန်းကိန်းကလည်း အတက်ဘက်ကို ဦးတည်နေပြီး ဇန်နဝါရီလ ၁၃ ရက်နေ့ ကမ္ဘာ့ရွှေပေါက်ဈေးအရ တစ်အောင်စလျှင် ၂၀၄၅ ဒေါ်လာဈေးဖွင့်ထားသည်။

ပြီးခဲ့သည့်အပတ်ကလည်း တစ်အောင်စလျှင်၂၀၄၅ ဒေါ်လာပေါက်ဈေးရှိခဲ့သော်လည်း လာမည့်အပတ်တွင် ပြန်တက်မည့် အရိပ်လက္ခဏာများ ပြနေသည်။

ထိုအခင်းအကျင်းများကြောင့် ပြည်တွင်းရွှေဈေးမှာ တက်ရိပ်ပြလာနိုင်သော်လည်း အတက်ကြမ်းမည့် အနေအထားမရှိကြောင်း သုံးသပ်ရသည်။

ထိုင်းဘတ်ဈေးလည်း ရွှေဈေးနှင့်အတူ တက်ရိပ်ပြနိုင်သော်လည်း ကြီးမားသည့် အပြောင်းအလဲမရှိနိုင်ကြောင်း ခန့်မှန်းရသည်။

စက်သုံးဆီဈေးမှာ ကမ္ဘာ့ရေနံပေါက်ဈေး၊ အမေရိကန်ဒေါ်လာငွေလဲဈေးနှင့် ကမ္ဘာ့အရေးအရာများအပေါ် မူတည်သည်။

လက်ရှိတွင် ဒေါ်လာငွေလဲနှုန်းကလည်း ငြိမ်နေပြီး တစ်ဒေါ်လာလျှင် ၃၄၀၀ ကျပ်ဝန်းကျင် ဈေးပေါက်နေသည်။

ကမ္ဘာ့အခင်းအကျင်း၊ ပြည်တွင်းပဋိပက္ခအခြေအနေနှင့် အမေရိကန်၏ အရေးယူပိတ်ဆို့ခြင်းများကြောင့် ပြည်တွင်းစက်သုံးဆီ ပြတ်လပ်မည့်အရေးမှာ အစိုးမရဖြစ်နေသည်။

ထို့ကြောင့် စက်သုံးဆီဈေးမှာ အလှုပ်အခတ်ကြမ်းမည့် အရိပ်အယောင် မတွေ့ရဘဲ လက်ရှိနှုန်းထားအတိုင်းပင် ဆက်ရှိနေမည်ဖြစ်သည်။