ပန်းနှင့် ယမ်းနှင့် ထုံကူးသည့် ည

0
835

နှစ်သစ်ကူးတော့မယ့်ညဟာ ပျော်စရာကောင်းလား၊ မကောင်းဘူးလား။ မပြောတတ်ဘူး။

ဘာလို့ဆို လှပခြင်းရဲ့ အခြားတစ်ဖက်မှာ အရုပ်ဆိုးအကျည်းတန်မှုကလည်း ဒင်္ဂါးတစ်စေ့ရဲ့ မျက်နှာနှစ်ဖက်လို တွဲကပ်နေလို့ပါပဲ။ ငြိမ်းအေးသာယာခြင်းက တစ်ဖက်၊ စစ်မီးတောက်တွေက တစ်ဖက်။ အဲဒီဆန့်ကျင်ဘက်နှစ်ကို တွဲဆက်ပေးလိုက်တဲ့အခါ ညဟာ ပြည့်စုံသွားတယ်လို့ ဆိုရမလိုပါပဲ။

ကျနော်ဟာ ကုန်ဆုံးတော့မှာဖြစ်တဲ့ နှစ်ဟောင်းရဲ့ နောက်ဆုံးအချိန်တွေကို ခံစားနေမိတယ်။ နှစ်ဟောင်းဟာ ကျနော့်ရင်ဘက်ထဲကနေ တစ်စက္ကန့်ချင်း၊ တစ်စက္ကန့်ချင်း ထွက်ခွာလို့နေတယ်။ ဘူတာရုံကနေ ရထားအိုကြီး တဖြည်းဖြည်းချင်း ထွက်ခွာသွားပုံမျိုးနဲ့တော့ သိပ်ပြီး မတူလှပါဘူး။ ရထားအိုကြီးကတော့ ဒီဘူတာကနေ ထွက်သွားပြီးတဲ့အခါ နောက်ထပ်ဘူတာတစ်ခုကို ရောက်မယ်။

နှစ်ဟောင်းကတော့ ကျနော်တို့ဆီကနေ ထွက်ခွာပြီးတဲ့အခါ ဘယ်ဆီဘယ်ဝယ်ကို ရောက်သွားတယ်ရယ်လို့ မပြောနိုင်တော့ပါဘူး။ ဒါဟာ နှမြောစရာလည်း ကောင်းသလို လွမ်းဖွယ်ရာလည်း ဖြစ်နေပြန်ပါတယ်။

လူနှစ်ယောက်ရဲ့ ဆက်ဆံရေးကို အနှစ်ချုပ်လိုက်ရင် ဝေမျှခံစားခြင်းကို ရမယ်လို့ ထင်ပါတယ်။ တစ်ယောက်က တစ်ယောက်ကို၊ တစ်ယောက်ကို တစ်ယောက်က။

ကျနော် သူ့ဆီကို ဖုန်းဆက်လိုက်တယ်။ သူက ဟိုးအဝေးမှာ။ အပြန်အလှန်အားဖြင့် ကျနော်ကလည်း အဝေးမှာပါပဲ။ သူနဲ့ စကားပြောကြရင်း အခန်းရဲ့ ဝရန်တာမှာ ကျနော် ထိုင်နေပါတယ်။ ‘ဝုန်း…ဒိုင်း’ ပေါက်ကွဲသံတွေဟာ တောင်ဘက်ကောင်းကင်ဆီကနေ ထွက်ပေါ်လာပါတယ်။ တစ်ချိန်တည်းမှာပဲ မီးပန်းမီးပွားတွေဟာ စက်ဝန်းပုံစံနဲ့ လင်းလက်ဖြာထွက်လို့ နေပါတယ်။

“ဟော၊ နှစ်သစ်ကူးပြီ” လို့ ကျနော်က ပြောလိုက်ပါတယ်။

မီးရှူးမီးပန်း ပစ်လွှတ်သံတွေ၊ မီးကျည်တွေ ဖောက်ခွဲသံတွေဟာ အဆက်မပြတ် တရပ်စပ်ပါပဲ။ မြို့ရဲ့ စည်ကားလှတဲ့ လမ်းဆုံလမ်းခွတစ်နေရာမှာ နှစ်သစ်ကူးပွဲတော်ကို ဆင်နွှဲနေကြတာပါ။ အော်ဟစ်သံတွေကိုလည်း တချက်တချက် ကြားနေရပုံထောက်ရင် မနည်းလှတဲ့ လူအုပ်ကြီး ဖြစ်မှာပါပဲ။ ဖုန်းစပီကာဖွင့်တဲ့ ခလုတ်ကို ကျနော် နှိပ်လိုက်ပါတယ်။

“အသံတွေ ကြားရလား” လို့ ကျနော်က မေးတော့ “ဆူညံနေတာပဲနော်” လို့ သူ့ဘက်က ပြန်ဖြေပါတယ်။

အနက်ရောင် ကောင်းကင်နောက်ခံမှာ မီးပန်းတွေ ပွင့်လာပြီး လွင့်စင်ဖြာထွက်သွားတဲ့ မြင်ကွင်းကို ကျနော် လှမ်းကြည့်နေမိပါတယ်။ မိနစ်တွေအတော်ကြာတဲ့အထိ အဲဒါတွေဟာ ရပ်တန့်မသွားခဲ့ပါဘူး။ အနီရောင်၊ အဝါရောင်၊ အပြာရောင် ဧရာမပန်းပွင့်ကြီးတွေကို မိုးကောင်းကင်ထဲ ပစ်လွှတ်လိုက်သလိုမျိုးပါပဲ။ မြင်ရတာဟာ အံ့မခန်းလှပလို့ နေပါတယ်။

အဲဒီပွဲတော်အတွက် ငွေကုန်ကြေးကျ ဘယ်လောက်ရှိမယ်၊ လာကြတဲ့လူအုပ်စုကြီးက စားကြသောက်ကြလို့ ဆိုင်တွေ ဝင်ငွေဘယ်လောက် တက်သွား၊ စီးပွားဘယ်လိုဖြစ်သွားတာ၊ ဒါတွေတော့ တွက်ချက်ကြည့်ဖို့ ကျနော် မစွမ်းသာပါဘူး။ သေချာတာကတော့ လူပေါင်းများစွာဟာ ပျော်မြူးနေကြမှာပါပဲ။ တဗြောင်းဗြောင်း မြည်ဟိန်းနေတဲ့ မီးရှူးဖောက်သံတွေဟာ မိုးခြိမ်းသံတွေလို၊ စစ်ပွဲကြီးတစ်ခုအတွင်းက ပေါက်ကွဲသံတွေလိုမျိုးပါပဲ။ ဒါပေမဲ့ ဘယ်သူကမှတော့ ထိတ်လန့်နေကြမယ် မဟုတ်ပါဘူး။

ဒါဟာ တိုင်းပြည်တစ်ပြည် ငြိမ်းချမ်းသာယာနေခြင်းရဲ့ သရုပ်လက္ခဏာလည်း ဖြစ်ပါတယ်။ စစ်မက်ဘေးရန်တွေ ရှိနေခြင်းရဲ့ သင်္ကေတလည်း ဟုတ်တယ်။ အားကျဖွယ် ကောင်းလိုက်ပါဘိလို့ ကျနော် တွေးမိလိုက်ပါတယ်။ သူဆီမှာ အင်တာနက်လိုင်းသာ ရနေရင် ကင်မရာကိုဖွင့်ပြီး မြင်ကွင်းအထွေထွေကို ပြနေမိမှာပါပဲ။ သူတို့နေတဲ့အရပ်ဒေသမှာ အင်တာနက်လိုင်းတွေက အမြဲလိုလို ပျက်နေလေ့ရှိပါတယ်။

အသံတွေ ငြိမ်သက်သွားပြီဆိုတဲ့အခါ ကျနော်က မေးလိုက်ပါတယ်။

“အဆင်သင့်ဖြစ်ပြီလား”

“အခုပဲ အောက်ကို ဆင်းတော့မလို့” သူ ပြန်ဖြေပါတယ်။

လှေကားကနေ ဆင်းသွားသံ၊ နောက် မြေကြီးပေါ်မှာ လမ်းလျှောက်သံတွေကို ကျနော် ကြားနေရပါတယ်။ နတ်တော်လ ဆောင်းည သန်းခေါင်ယံဟာ သူ့ဆီမှာ တော်တော်အေးနေပုံပါပဲ။

ချမ်းလွန်းလို့ တုန်ခိုက်နေတဲ့ ‘တဟင်းဟင်း’ညည်းသံကလည်း သူ့ဆီကနေ ထွက်ပေါ်နေပါတယ်။ အဲဒီအသံဟာ တစ်စုံတစ်ခုကို ကြောက်လန့်တကြား ပြေးလွှားနေပုံမျိုး ဖြစ်နေတာကြောင့် ကျနော့်မယ် ရုတ်တရက် စိတ်ပူလို့တောင် သွားပါသေးတယ်။

ဘာလို့ဆို သူတို့ရွာရဲ့ အနီးဝန်းကျင်မှာ စစ်တပ်တွေ၊ စစ်ကြောင်းတွေက မကြာမကြာ ရှိနေတတ်လို့ပါပဲ။

“မောနေတာလား” လို့ ကျနော်က မေးတော့ “မဟုတ်ဘူး၊ ချမ်းလို့” လို့ သူ ဖြေပါတယ်။

ပြီးတော့ တစ်ဆက်တည်းမှာပဲ “ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်နေတာပဲ” လို့ သူက ပြောပါတယ်။

သူ့ဆီမှာတော့ နှစ်သစ်ကူးအခါသမယဟာ ခြောက်ကပ်စွာပါပဲ။ ပြီးခဲ့တဲ့ တစ်နှစ်တာလုံး စစ်ကြောင်းဝင်လို့ မကြာခဏ ရှောင်ရပုန်းရတာ၊ ယာထဲအလုပ်ဆင်းခိုက် လေယာဉ်ပျံက ဗုံးကျဲလို့ ခြေဦးတည့်ရာ ပြေးလွှားရတာ၊ စပါးရိတ်နေသူ အမျိုးသမီးတချို့ကို လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားတာ စတဲ့ အကြောင်းအရာတွေကို တစ်နှစ်တာပတ်လုံး သူ့ဆီကနေ ကျနော် ကြားသိနေခဲ့ရပါတယ်။ ဒါ့အပြင် စစ်ရဲ့ အနိဋ္ဌာရုံတွေဖြစ်တဲ့ ဗုံးဆန်ထိလို့ အနီးနားကျေးရွာတွေက လူတွေ သေကြေကြတာ၊ နေအိမ်တွေ မီးလောင်ပျက်စီးသွားတာ စတာတွေကိုရောပါပဲ။

အကျိုးဆက်တွေအဖြစ် မိသားစုပေါင်းများစွာဟာ အလုပ်အကိုင်တွေ ပျက်၊ ဝင်ငွေချို့တဲ့၊ စားဝတ်နေရေး ကျပ်တည်းလာတော့တာပါပဲ။ နွမ်းပါးသူတွေအဖို့ ပိုပြီး သက်ရောက်မှုကြီးကြီးကို ခံရတာပါပဲ။ တချို့တွေဆို ထမင်းနပ်မှန်အောင် စားဖို့တောင်မှ ခက်ခဲလွန်းသွားခဲ့ကြပါပြီ။

တစ်ရက်တုန်းက ကျနော် သူ့ကို မေးမိပါတယ်။ နှစ်သစ်ကူးညကျရင် ဘာလုပ်ဖို့ အစီအစဉ် ရှိသလဲဆိုပြီးပေါ့။ ဘာမှလုပ်စရာ ရှိမနေဘူးလို့ သူက ပြန်ဖြေပါတယ်။ ဒါပေမဲ့ တစ်ခုတော့ ရှိတယ်။ ပံ့သကူ ပစ်မယ်တဲ့။ ဒါက အရင်နှစ်တွေတုန်းကလည်း သူ လုပ်နေကျပါပဲ။

ဆန်တစ်ပြည်လောက်ရယ်၊ ဆီဘူးကလေးတစ်ဘူးရယ်၊ ငွေကြေးတချို့ရယ်ကို အိတ်ကလေးတွေမှာထည့်ပြီး ရွာရဲ့ လမ်းမတွေမှာ သွားထားပေးတာပါ။ မနက်အစောကြီး အိပ်ရာကထကြရသူတွေအတွက် လက်ဆောင်ပေါ့။ အခုလို ပစ္စည်းပမာဏ အနည်းအကျဉ်းကလေးတွေဟာ လူတွေရဲ့ ရုပ်ပိုင်းဘဝကို အပြောင်းအလဲဖြစ်သွားစေမှာမဟုတ်ပေမဲ့ စိတ်ပိုင်းကိုတော့ နွေးထွေးမှုကို ခံစားရစေမှာပါပဲ။

လူမှုအသိုင်းအဝိုင်းဆိုတာ ဒီလို ကရုဏာ၊ မေတ္တာတရားတွေလည်း ရှိနေပါသေးလားဆိုတဲ့ ခံစားမှုက ရှေ့ဆက်ရမယ့် ခရီးမှာ ခွန်အားဖြစ်စေမှာပါပဲ။ ဒါဟာ ရိုးသားပြီး ပကာသနမဖက်တဲ့ ဒေသလူမှုဓလေ့ကလေး ဆက်လက်ရှင်သန်နေသေးတယ်ဆိုတဲ့ အဓိပ္ပာယ်ကိုလည်း ဆောင်တာပေါ့။

သူတို့ဒေသမှာ မနက်အစောကြီး အိပ်ရာကထကြရ၊ အပြင်ထွက်ကြရတဲ့သူတွေဆိုတာကလည်း ဆင်းရဲနွမ်းပါးသူတွေပဲ မဟုတ်လား။ တစ်နေ့တာ စားဝတ်နေရေးအတွက် ရုန်းကန်ဖို့ ကိုယ်စီကိုယ်စီ လုပ်ငန်းခွင်ရှိရာတွေဆီကို သွားကြရသူတွေ။

အခုနှစ်လည်း သူဟာ မပျက်မကွက် ပံ့သကူပစ်ပါဦးမယ်။ ဒါနဲ့ပဲ ကျနော်ဟာလည်း သူ့ရဲ့အစီအစဉ်မှာ အဝေးကနေ ပူးပေါင်းပါဝင်လိုက်ဖို့ ဖြစ်လာတာပါပဲ။

သူဟာ သုတ်သုတ်ကလေး လုပ်နေပုံပါပဲ။ တစ်စုံတစ်ယောက်က သူ့ကို မြင်တွေ့သွားမှာကို ပူပန်နေတဲ့ပုံမျိုးနဲ့ပါပဲ။ သူ့ရဲ့လှုပ်ရှားမှုအသံတွေအရ အဲသလို ကျနော် ကောက်ချက်ချမိပါတယ်။ ခဏနေတော့ တံခါးဖွင့်သံကို ကျနော်ကြားရတာမို့ သူ အိမ်ထဲပြန်ဝင်နေပြီဆိုတာကို ကျနော်သိလိုက်ပါတယ်။ ပြီးတော့ သူ့အိပ်ခန်းရှိရာ အပေါ်ထပ်ကို တက်သွားတဲ့အသံ။

“ပျော်စရာ နှစ်သစ်ဖြစ်ပါစေ” လို့ ကျနော့်ကို သူ ပြောပါတယ်။

နာရီကို ကြည့်လိုက်တဲ့အခါ ၁၂ နာရီခွဲ။ ကျနော့်ဘက်ဆီမှာ နှစ်သစ်ကူးပြီးလို့ နာရီဝက်တိတိကြာတဲ့အခါမှာ သူ့ဆီမှာလည်း နှစ်သစ်ကူးပါတယ်။ ဟုတ်ပါတယ်။ အချိန်နာရီအားဖြင့် ကျနော်နေထိုင်ရာ အရပ်ဟာ သူ့ဆီထက် နာရီဝက် စောပါတယ်။ ဒါကြောင့်မို့ နှစ်သစ်ကူးချိန်ဟာ သူနဲ့ ကျနော် တစ်ချိန်တည်းအတူတူ ဟုတ်မနေပါဘူး။

“ဟော…ဟော၊ အသံတွေကြားလိုက်ရလား” ဆိုပြီး ကျနော့်ကို သူက မေးပါတယ်။

အမှတ်တမဲ့မို့ ကျနော်က သူပြောတဲ့ အသံကို မကြားလိုက်ရပါဘူး။

“ဘာသံလဲ”

“သေနတ်ပစ်သံတွေ”

သူ့ဘက်က ပြန်ဖြေသံကိုကြားရတဲ့အခါမှာတော့ ကျနော်ဟာ ငြိမ်သက်လို့ သွားပါတယ်။

တစ်ခါတလေ ဗုံးသံ၊ သေနတ်သံ မကြားရတဲ့ ညမျိုးမှာ တစ်ခုခု လိုနေသလိုမျိုး ခံစားမိနေရတယ်လို့ တစ်ခါတုန်းက သူပြောဖူးတာကို ချက်ချင်းပဲ သတိရမိလိုက်ပါတယ်။

စကားပြောပြီးလို့ သူ အိပ်ရာဝင်သွားတဲ့အခါ အခုညကို ပန်းချီကားတစ်ချပ်အဖြစ် ပုံဖော်ကြည့်ဖို့ ကျနော်ကြိုးစားကြည့်မိပါတယ်။

နှစ်သစ်ကူးမီးရှူးမီးပန်းတွေနဲ့ ပျော်ရွှင်စွာ ကခုန်မြူးထူးနေကြတဲ့ လူအုပ်ကြီးကို ကျနော့်အာရုံမှာ မြင်နေရဆဲ။ ပြီးတော့ စစ်ရဲ့ မီးလျှံတွေက အဲဒီအာရုံတွေကို စုပ်ယူဝါးမြိုသွားပြန်တယ်။ ပန်းချီကားဟာ ဘာကို ဆိုလိုနေပါသလဲ။ ကျနော်ကိုယ်တိုင်လည်း မကွဲပြားပါဘူး။

အရုပ်တွေဟာ ပန်းပွင့်တွေလား၊ ကျည်ဆန်တွေလား။ အရောင်တွေဟာ အပူလား၊ အအေးလား။ မဟုတ်ဘူး။ ပန်းချီကားက ပြောချင်နေတာက တစ်ယောက်နဲ့ တစ်ယောက် ထုံကူးနေတာ။ သူ့ဘက်က ည၊ ကျနော့်ဘက်က ည။ ညနှစ်ခုဟာ မတူပေမဲ့ ဆက်နေတယ်။ ယမ်းနံ့ကိုလည်း ကျနော်ရနေပါတယ်။ ပန်းနံ့ကို သူရဖို့လည်း ကျနော် မျှော်လင့်တယ်။ ဒါဟာ ဝေမျှခြင်းပဲ။ ဒါပါပဲ။

အဲဒီညက ကျနော် ကဗျာတစ်ပုဒ် ရွတ်မိတယ်။ ကဗျာဆရာ မြတ်ဝေရဲ့ ‘စစ်ကြီးအတွင်းမှာ’ ဆိုတဲ့ ကဗျာလေးပါပဲ။

‘စစ်ကြီးအတွင်းမှာ’

ဝမ်းနည်းရမှာက

တစ်ယောက်က တစ်ယောက်ကို

မစောင့်ရှောက်နိုင်တော့မှာ မျိုးပဲ။

မရယ်ရတဲ့ အရသာကို

မင်းက ရယ်ရသလိုမျိုး ပြောပြီး

ငါက ရယ်နေရသလိုလုပ်ပြီး

နားထောင်နေရတာမျိုးပေါ့။

ပြီးတော့

တစ်ယောက်ကို တစ်ယောက်

ပြန်ကောက်ဖို့ မရနိုင်တော့တာမျိုး

ခရီးမှာ။ ။

ငြိမ့်လွင့်