ထိုင်းတွင် ဘတ်ကတ်လျှောက်သည့်မြန်မာများအတွက် CI စာအုပ်ထုတ်ပေးရေးစခန်းများ နောက်လဖွင့်မည်

0
998

ထိုင်းနိုင်ငံရှိ ယာယီနေထိုင်အလုပ်လုပ်ခွင့်လက်မှတ် ဘတ်ကတ်ခေါ် ပန်းရောင်ကတ် ပြုလုပ်ရန် အမည်စာရင်း တင်သွင်း ထားသူများအတွက် မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးမည့် စခန်းများကို လာမည့် ဇန်နဝါရီလ ၄ ရက်နေ့မှ စ၍ ဖွင့်လှစ်မည်ဖြစ်ကြောင်း ဘန်ကောက်ရှိ မြန်မာအလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးရေးစခန်း ငါးခုကို စမွတ်စခွန်၊ စမွတ်ပရကန်၊ ချွန်ဘူရီ၊ ပထုံဌာနီနှင့် စူရတ်ဌာနီ ခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါရုံးမှ သိရသည်။

နောက်ထပ် Mobile Unit သုံးခုကိုလည်း ချင်းမိုင်၊ နခွန်စဝမ်နှင့် စွန်ခရာခရိုင်များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရသည်။

ယခုဖွင့်လှစ်လိုက်သော CI စခန်းများသည် ထိုင်းနိုင်ငံတွင် လုပ်ကိုင်နေပြီး နိုင်ငံကူးလက်မှတ် မရှိသေးသော မြန်မာအလုပ်သမားများအတွက် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဘန်ကောက်အခြေစိုက် မြန်မာအလုပ်သမားသံအရာရှိက ပြောသည်။

“လိုအပ်တဲ့ စာရွက်စာတမ်းတွေကတော့ အရင်အတိုင်းပါပဲ။ သက်ဆိုင်ရာ လုပ်ငန်းစဉ်တွေ ကုန်ကျစရိတ်တွေကို စခန်းတွေမှာ ကပ်ထားပေးမှာပါ” ဟု ၎င်းက ပြောဆိုသည်။

စခန်းအသီးသီးတွင် သတ်မှတ်ထားသော စာအုပ်အရေအတွက် အပေါ်မူတည်၍ ပြုလုပ်ပေးသွားမည်ဖြစ်ပြီး မည်သည့်အချိန်တွင် ရပ်နားမည်ဆိုသည်ကို မပြောနိုင်သေးကြောင်း ၎င်းကဆိုသည်။

ယခုနှစ် ဇူလိုင်လမှစ၍ ပန်းရောက်ကတ်ပြုလုပ်ရန်အတွက် အမည်စာရင်းတင်သွင်းထားသူများကို ဘတ်အသစ် သမားများဟု အလွယ်ခေါ်ဆိုကြပြီး ယခုဒီဇင်ဘာလတွင် ကျန်းမာရေးအာမခံအတွက် သွေးစစ်ခြင်း၊ လဝက ရုံးတွင် လက်ဗွေနှိပ်ခြင်း လုပ်ငန်းစဉ်များကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။

လက်ဗွေနှိပ်ပြီးနောက် ရရှိလာမည့် work permit ဗီဇာကို နိုင်ငံကူးလက်မှတ်များသို့ ထည့်သွင်း၍ ထိုင်းနိုင်ငံတဝန်း နေထိုင်လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။

နိုင်ငံကူးလက်မှတ်စာအုပ် မရှိသူများသည် ယခုဖွင့်လှစ်မည့် CI စခန်းများတွင် CI အစိမ်းရောင်စာအုပ်ကို မဖြစ်မနေ ပြုလုပ်ရမည်ဖြစ်ပြီး အခြေခံအလုပ်သမားဗီဇာကို ထည့်သွင်း၍ ထိုင်းနိုင်ငံတွင် နေထိုင်ခွင့် ရရှိမည်ဖြစ်သည်။

CI အစိမ်းရောင်စာအုပ်ကို မှတ်ပုံတင်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပြုလုပ်နိုင်ပြီး ပြုလုပ်သည့်ရက်မှစ၍ စာအုပ်သက်တမ်း ၄ နှစ်ရရှိမည်ဖြစ်သည်။

ယခု CI စာအုပ်ထပ်မံလုပ်ဆောင်ပေးရမည့် မြန်မာအလုပ်သမားအရေအတွက်သည် ၈ သိန်းကျော် ရှိနေကြောင်း အလုပ်သမားသံအရာရှိရုံးက ထုတ်ပြန်ထားသည်။