KNU တပ်မဟာ ၄ က ဖမ်းဆီးထားသည့် PDF ၁၀ဦး တစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွတ်သေး

0
746

KNU တပ်မဟာ ၄ က ဖမ်းဆီးထားသည့် PDF ရဲဘော် ၁၀ ဦးမှာ သီတင်းတစ်ပတ်ကျော်လာသည်အထိ ပြန်မလွတ်လာ သေးကြောင်း ဖမ်းဆီးထိန်းသိမ်းခံရသည့်တပ်ဖွဲ့နှင့် အခြားတော်လှန်ရေးအင်အားစုများ၏ ပြောဆိုချက်အရ သိရသည်။

ဒီဇင်ဘာလ ၁၈ရက်က ရေးမြို့နယ်ဘက်မှ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်သို့ ပြန်ဝင်လာသည့် ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦးက ရဲဘော် ၁၀ ဦးကို လက်နက်နှင့်အတူ KNU တပ်မဟာ ၄ က ဖမ်းဆီးထားခြင်းဖြစ်ကြာင်း ၎င်းတို့၏ ပြောဆိုချက်များအရ သိရသည်။

ထားဝယ်ခရိုင်တပ်ဦးက ရဲဘော်များကို KNU တပ်မဟာ ၄ ၊ KNLA တပ်ရင်း ၁၀ က လမ်းခရီးတွင် ခေါ်ယူစစ်ဆေးရာ ကျောပိုး အိတ်ထဲတွင် ကော်သူးလေတပ်မတော် KTLA အမှတ်တံဆိပ်နှစ်ခုတွေ့ရှိသဖြင့် တပ်ဦးသည် KTLA၏ လက်အောက်ခံ အဖွဲ့ ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦး၊ တပ်ခွဲတာဝန်ခံ ကိုJR က ပြောသည်။

ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးမှာ လက်နက်ခဲယမ်းသယ်ယူရာတွင် ကော်သူးလေ၏ အကူအညီဖြင့် သယ်ယူရမှု ရှိသလို စစ်ရေးအရလည်း မဟာမိတ်ပူးပေါင်းထားသည့်အဖွဲ့ဖြစ်သဖြင့် ရင်းနှီးသည့်ဆက်ဆံရေးရှိကြောင်း ၎င်းက ဆိုသည်။ 

“အဲဒါတွေနဲ့ ကျွန်တော်တို စွပ်စွဲခံရတာပေါ့နော်။ ကျွန်တော်တို့က ကော်သူးလေအာမီရဲ့ လက်အောက်ခံဘာညာဆိုပြီး။ ဒါပေမဲ့ မဟုတ်ပါဘူး။ စစ်ရေးအရ မဟာမိတ်ပူးပေါင်းထားတာပဲရှိပါတယ်ဗျ” ဟု ကိုJR က ပြောဆိုသည်။

ဖမ်းဆီးထိန်းသိမ်းထားသည့်ကိစ္စနှင့်ပက်သက်ပြီး KNU တပ်မဟာ ၄ နှင့် ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက တာဝန်ရှိသူတို့ အချင်းချင်းညှိနှိုင်းထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) ကိုလည်း အကူအညီတောင်းခံထားကြောင်း ၎င်းက ပြောသည်။

“လွတ်ပေးတာတော့ မရှိသေးဘူး။ ဒါပေမဲ့ အတင်းအကျပ်ကြီး ထိန်းသိမ်းထားတာမျိုးတော့မဟုတ်ဘူး။ သူတို့ကို နည်းနည်း မေးစရာမြန်းစရာရှိလို့ ထိန်းသိမ်းထားတဲ့ သဘောပါပဲ။ ရဲဘော်တွေက လွတ်လွတ်လပ်လပ်ပါပဲ။ ဘယ်တော့ လွတ်ပေးမလဲ ဆိုတာတော့ မကြားရသေးပါဘူး။ ဒါပေမဲ့ ပြန်ပြီးတော့ လွတ်လာလိမ့်မယ်။ (NUG,KNU)ဘက်ကလည်း ပြန်လွတ်လာမယ် ဆိုတာ အာမခံထားပါတယ်။ စိတ်မပူပါနဲ့တဲ့” ဟု ကိုJRက ဆက်လက်ပြောဆိုသည်။

အထက်ပါကိစ္စနှင့်ပက်သက်ပြီး KNU တပ်မဟာ ၄ က မြိတ်-ထားဝယ်ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နာကို Dawei Watch က ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ဆက်သွယ်မေးမြန်းထားသော်လည်း ယနေ့အထိ ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

KNU တပ်မဟာ ၄ နှင့် ဗိုလ်အယ်ကွီးဦးဆောင်သည့် KTLA တပ်ဖွဲ့၏ ပဋိပက္ခမှာ ၂၀၂၂ ခုနှစ်တွင် ပိုမိုတင်းမာလာပြီး နှစ်ကုန်ပိုင်းတွင် PDF တပ်ဖွဲ့များကို ကရင်လက်နက်ကိုင် တစ်ဖွဲ့ဖွဲ့နှင့် မပူးပေါင်း၊ မပက်သက်ရန် နှစ်ဖက်အပြိုင် စာထုတ်သတိပေးမှုများ ရှိခဲ့သည်။ 

တော်လှန်ရေးအင်အားစုများမှာ လက်နက်သယ်ယူရာတွင် KNU တပ်မဟာ ၄ ၊ KTLA နှစ်ဖက်စလုံး၏ မသင်္ကာသဖြင့် ခေါ်ယူစစ်ဆေးမေးမြန်းမှုများကို ကြုံရပြီး လမ်းကြောင်းအသုံးပြုသည့်ကိစ္စရပ်များတွင် အခက်အခဲရှိလာကြောင်း အရှေ့ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-EDF-PDF တာဝန်ခံ ဗိုလ်ရက္ခက ပြောသည်။

“ကျွန်တော်တို့ကတော့ စကစကို တော်လှန်ဖို့ဆိုတဲ့ ခံယူချက်နဲ့ပဲ ဒီတော်လှန်ရေးထဲဝင်လာတာပေါ့နော်။ အဲဒီတော့ တော်လှန်ရေးကိုတော့ လွတ်လွတ်လပ်လပ်လေးလုပ်ချင်တယ်။ အဲဒီလိုစွပ်စွဲမှုတွေနဲ့ လုပ်နေရတာ ရွာလည်နေတယ်။ ရှေ့ဆက်သွားရမှာ နှောင့်နှေးတယ်ပေါ့နော်။ KNU ဘက်ခြမ်းကတော့ သူတို့အနေနဲ့ မသင်္ကာစရာတွေကို စစ်ဆေးဖို့က သူတို့တာဝန်ပေါ့နော်။ တာဝန်အရလုပ်တယ်လို့ပဲ ကျွန်တော်တို့ မှတ်ချက်ချပါတယ်” ဟု ကိုJR က ဆိုသည်။

စစ်ကောင်စီကို တော်လှန်နေသည့်ကာလတွင် ကရင်လက်နက်ကိုင်တပ်ဖွဲ့နှစ်ခု၏ အကူအညီဖြင့် ရပ်တည်နေရသည့် တော်လှန်ရေး အင်အားစုများမှာ ကရင်တပ်ဖွဲ့ အချင်းချင်းဖြစ်ပွားနေသည့် ပဋိပက္ခတွင် ကြားညှပ်မည်ကို စိုးရိမ်ပြီး အမြန်ဆုံးပြေလည်စေလိုကြောင်း တော်လှန်ရေးအင်အားစုများက ပြောဆိုသည်။