လောင်းလုံး မီးသတ် တစ်ဖွဲ့လုံးနီးပါးပြောင်းရွှေ့

0
992

လောင်းလုံးမြို့ပေါ် တွင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားပြီး နောက်တစ်ရက်တွင် လောင်းလုံးမြို့နယ် မီးသတ်တပ်ဖွဲ့ တစ်ဖွဲ့လုံး နီးပါးပြောင်းရွှေ့ သွားကြောင်း မြို့ခံများထံမှ သိရသည်။

ဝန်ထမ်းများသည် အသုံးအဆောင်ပစ္စည်းများ၊ မီးသတ်ယာဉ်များကို ယူဆောင်၍ ဒီဇင်ဘာလ ၂၁ ရက်ကစပြီး ထားဝယ်မြို့ဘက်ကို ပြောင်းရွှေ့သွားကြောင်း မျက်မြင်တွေ့ရှိသည့် ဒေသခံတစ်ဦးက ပြောသည်။

“မီးသတ်ကားတွေရော ကယ်ဆယ်ရေးလှေတွေပါ အကုန်တင်သွားကြတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းသို့ပြောင်းရွှေ့ရခြင်းမှာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၏ လုံခြုံရေး အခြေအနေအရ ပြောင်းရွှေ့ထားရခြင်းဖြစ်ပြီး လောင်းလုံးမြို့ပေါ် တွင် မီးသတ်ယာဉ် နှစ်စီး ထားခဲ့‌ သေးကြောင်း ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“အဓိက လုံခြုံရေးကြောင့်ပါ။ ထားဝယ်ရုံးမှာပဲ တပ်ဖွဲ့ ဝင်တွေနဲ့ မိသားစုတွေကို ခေါ်ထားပါတယ်” ဟု ၎င်းတာဝန်ရှိသူက ပြောဆိုသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့က လောင်းလုံးမြို့ပေါ် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခံရပြီးနောက် တစ်ရက်အကြာ ပြောင်းရွှေ့သွားခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ် မီးသတ်ဦးစီးဌာနသည် လောင်းလုံးမြို့နယ် အရှေ့သဗျာရွာတွင် ရှိသည်။