ဘန်ကောက်တွင် MoU မြန်မာလုပ်သားများ အလုပ်ပုံမှန် မလုပ်ရသဖြင့် အခက်အခဲဖြစ်

0
832

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဘန်ဘော်ဒေသတွင် နှစ်နိုင်ငံသဘောတူစာချုပ် MoU စနစ်ဖြင့် တရားဝင် လာရောက်လုပ်ကိုင်သော မြန်မာအလုပ်သမားများသည် အလုပ်ပုံမှန်မဆင်းရသဖြင့် အခက်အခဲကြုံတွေ့နေရကြောင်း အလုပ်သမားများနှင့် အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့ (WAG) အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား ၁၇ ဦးကို Popular Land Services မြန်မာအေဂျင်စီက ထိုင်းနိုင်ငံ စမွတ်ပရကန်ခရိုင်ရှိ RUNGKRISNA LOETYOTA ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အလုပ်လုပ်ကိုင်ရန် ၂နှစ်စာချုပ်ဖြင့် ယခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် စေလွှတ်ခဲ့ကြောင်း အလုပ်သမားများထံမှ သိရသည်။

ထိုင်းနိုင်ငံသို့ ရောက်ရှိချိန်တွင် စာချုပ်ပါလုပ်ငန်းခွင်သို့မဟုတ်ဘဲ ဥထိုင်းဌာနီခရိုင်သို့ ပို့ဆောင်ခြင်းခံရပြီး ၁၄ ရက်ကြာသည် အထိ အလုပ်မဆင်းရကြောင်း အလုပ်သမားများက ပြောသည်။

ထို့နောက် အောက်တိုဘာလ ၂၄ရက်တွင်သာ ဘန်ကောက်မြို့ ဘန်ဘော်ဒေသရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်သို့ အလုပ် စဆင်းခဲ့ရသော်လည်း နှစ်လကြာသည်အထိ အလုပ်ချိန်ပုံမှန် မဆင်းရသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း အမျိုးသားအလုပ်သမားတစ်ဦးက ဆိုသည်။

“မိန်းကလေးတွေဆိုရင် တစ်ပတ်လုံး တစ်ခါတလေ မဆင်းရဘူး။ ယူနီဖောင်းဝတ်လိုက် သွားလိုက် ကတ်ထိုးဖို့သွားရင် သူတို့ ဘက်က အလုပ်မရှိဘူး၊ နားပါပေါ့။ မိန်းကလေးတွေလည်း တက်လာတဲ့အချိန်မှာ ပိုက်ဆံကုန်ကျတာက အတူတူပဲလေ။ သူတို့လည်း အလုပ်ပုံမှန်ဆင်းရမှ အဆင်ပြေမှာ” ဟု ၎င်းက ပြောသည်။

၎င်းကိုယ်တိုင်ပင်လျှင် နှစ်လအတွင်း ရက် ၃၀ ခန့်သာ အလုပ်ဆင်းခဲ့ရပြီး အမျိုးသမီးများတွင် ဆယ်ရက်ဝန်းကျင်သာ အလုပ်ဆင်းခဲ့ရသော အလုပ်သမားများလည်း ရှိနေကြောင်း အထက်ပါ အလုပ်သမားက ပြောဆိုသည်။

တရားဝင်စာချုပ်ဖြင့် လာရောက်လုပ်ကိုင်နိုင်ရန် အချိန် ၄ လကျော် စောင့်ဆိုင်းခဲ့ရပြီး ငွေကျပ်သိန်း ၃၀ ကျော်အထိ ကုန်ကျခံထားရသော်လည်း ထိုင်းရောက်ချိန်တွင် ဒုက္ခရောက်နေကြခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်။

လုပ်ငန်းခွင်တွင် လုပ်အားခများကိုလည်း ပုံမှန်ထုတ်ပေးခဲ့ခြင်းမရှိ၊ သုံးရေ မလုံလောက်မှုများ အပါအဝင် အလုပ်ပုံမှန် မရှိသဖြင့် မိသားစုကိုလည်း ပြန်လည် မထောက်ပံ့နိုင်ဖြစ်နေကြောင်း အလုပ်သမားများ ပြောသည်။

အဆိုပါအခက်အခဲများကို ဖြေရှင်းပေးရန် အေဂျင်စီကိုဆက်သွယ်ခဲ့ရာ ရန်တွေ့သည့်ပုံစံဖြင့်ပြောဆိုခဲ့ပြီး တစ်ကြိမ်သာ လာကြည့်ခဲ့ပြီးနောက် နောက်ဆက်တွဲအခက်အခဲများကို ပြေလည်အောင် ဖြေရှင်းပေးခြင်းမရှိခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

ထို့ကြောင့် ကူညီဖြေရှင်းပေးရန် WAG အဖွဲ့ထံသို့ တိုင်ကြားခဲ့သဖြင့် အလုပ်သမားများ ပြေလည်မှုရရှိသည်အထိ ဆက်လက် ဖြေရှင်းပေးသွားမည်ဖြစ်ကြောင်း အဖွဲ့တာဝန်ခံ ကိုမုန်တိုင်းက ပြောဆိုသည်။

“အလုပ်သမားတွေက တစ်ရက်ခြား၊ နှစ်ရက်ခြား (အလုပ်) ဆင်းနေကြရတာ။ အလုပ်သမားတွေကို အလုပ်မဆင်းရတဲ့ ရက်တွေမှာ ၇၅ ရာခိုင်နှုန်းလည်း ရရမယ်။ ဒါကို ဆက်လုပ်ပေးသွားမယ်” ဟု ၎င်းက ပြောသည်။

အဖွဲ့အစည်းထံ အကူအညီတောင်းပြီးနောက် ယနေ့ (ဒီဇင်ဘာ ၂၅) တွင် အလုပ်သမားများကို အလုပ်ခွင်သို့ ပုံမှန်ဆင်းခိုင်း ခြင်းမျိုး တွေ့ရသော်လည်း ဆက်လက်စောင့်ကြည့်သွားရမည်သာဖြစ်ကြောင်း အလုပ်သမားများထံမှ သိရသည်။

အကယ်၍ အလုပ် အဆင်မပြေ၍ အလုပ်ထွက်စာတောင်းရမည်ဆိုပါက အလုပ်သမားတစ်ဦးလျှင် ဘတ် ၁၅၀၀ ပြန်ပေးရမည်ဟု အေဂျင်စီဘက်က တောင်းခံထားကြောင်း အလုပ်သမားများက ဆိုသည်။

လတ်တလောတွင် အလုပ်သမားများသည် တရားဝင် စာချုပ်ဖြင့် လာရောက်လုပ်ကိုင်ခဲ့သည့်အတွက် အလုပ်မဆင်းရသော ရက်များတွင် လုပ်အားခ၏ ၇၅ ရာခိုင်နှုန်း ရရှိရန်နှင့် အလုပ်ပုံမှန် လုပ်ကိုင်နိုင်ရေး ဆက်လက်တောင်းဆိုသွားမည် ဖြစ်ကြောင်း အလုပ်သမားများက ပြောကြားသည်။

ယင်းကိစ္စနှင့်ပက်သက်၍ Popular Land Services အေဂျင်စီတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်မေးမြန်းရာ အလုပ်သမားများ အလုပ်ပုံမှန် မဆင်းရသည်ကို နောက်ကျမှသိရသဖြင့် အလုပ်ပုံမှန်လုပ်ကိုင်နိုင်ရန် ညှိနှိုင်းပေးခဲ့သေးကြောင်း ဖြေကြားသည်။

အလုပ်သမားများ အလုပ်အဆင်မပြေ၍ ဆက်မလုပ်ချင်တော့ဘဲ အလုပ်ထွက်စာလိုပါက ရက်ပိုင်းအတွင်း ရရှိရန် ဆောင်ရွက်ပေးနေကာ ဘတ် ၁၅၀၀ ပေးရမည်ဟု အေဂျင်စီဘက်က တောင်းခံခဲ့ခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။

“ဘိုင်ကျန့်အော် (အလုပ်ထွက်စာ) ကိစ္စက မြန်မာအေဂျင်စီဘက်က လုပ်လို့မရဘူး။ လူက အဖွဲ့လိုက်ဖြစ်နေတဲ့အတွက် တစ်လလောက်ကြာတတ်တယ်။ ဒါပေမဲ့ ဘိုင်ကျန့်အော်ကို ရက်ပိုင်းအတွင်း ထွက်လာအောင် လုပ်ပေးနေတယ်” ဟု ၎င်းက ပြောဆိုသည်။

အလုပ်သမားများနစ်နာခဲ့သည့် အလုပ်မဆင်းရမှုများအတွက် လုပ်အားခ ၇၅ရာခိုင်နှုန်း ပြန်လည်ရရှိရန် အလုပ်ရှင်နှင့်ညှိနှိုင်း ၍ တဆင့်ချင်း ပြန်လည်ဖြေရှင်းပေးသွားမည်ဖြစ်ပြီး ကြာချိန်ကို ခန့်မှန်း၍ မရနိုင်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။