မဟာချိုင်တွင် အလှပြင်ဆိုင်ဖွင့်ထားသော မြန်မာလုပ်သားခုနစ်ဦး ဖမ်းဆီးခံရ

0
855

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အလှပြင်ဆိုင်ဖွင့်လှစ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ခုနစ်ဦး ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စမွတ်စခွန်ခရိုင်တွင် ရွှေ့ပြောင်းအလုပ်သမားများသည် အလှပြင်ဆိုင်ဖွင့်၍ တရားမဝင်လုပ်ကိုင်နေသည်ဟု သတင်းပေးတိုင်ကြားမှုများ ရရှိထားသဖြင့် စမွတ်စခွန်မြို့ ထာ့စိုင်ဒေသ ထိုင်းယူနီယမ်ရပ်ကွက်သို့ ရဲတပ်ဖွဲ့၊ လဝကအရာရှိများနှင့် အုပ်ချုပ်ရေးမှူးများက ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ကြောင်း ဖော်ပြသည်။

မဟာချိုင်ဒေသရှိ အလှပြင်ဆိုင် သုံးဆိုင်ကို ဝင်ရောက်စစ်ဆေးခဲ့ပြီးနောက် တရားမဝင် လုပ်ကိုင်နေသော မြန်မာအလုပ်သမား ခုနစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဖမ်းဆီးခံရသူများသည် အသက် ၁၉ နှစ်အရွယ်မှ ၂၇ အရွယ်ရှိ အမျိုးသား သုံးဦး၊ အမျိုးသမီး လေးဦးပါဝင်ကြောင်း ဖော်ပြသည်။

၎င်းတို့အနက် မြန်မာအလုပ်သမားသုံးဦးတွင် နေထိုင်ခွင့် စာရွက်စာတမ်းများ မရှိသေးကြောင်း ဖော်ပြသည်။

ကျန် လေးဦးတွင် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI စာအုပ်) နှင့် နိုင်ငံကူးလက်မှတ်စာအုပ် ကိုင်ဆောင်ထားသည်ကို တွေ့ရှိရကြောင်း ရေးသားထားသည်။

အထောက်အထား မရှိသူများအား တရားမဝင် နေထိုင်မှုအပါအဝင် နိုင်ငံခြားသားများအား တာမြစ်ထားသော အလုပ်ကို ဝင်ရောက်လုပ်ကိုင်မှုဖြင့် အရေးယူထားပြီး စမွတ်စခွန်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း ဖော်ပြထား သည်။

ရွှေ့ပြောင်းအလုပ်သမားများသည် ခွင့်ပြုထားသည့် အလုပ်များတွင်သာ လုပ်ကိုင်နိုင်ပြီး ဈေးရောင်း၊ အနှိပ်သည်၊ ဆံပင်၊ သယ်ယူပို့ဆောင်ရေး၊ ဧည့်လမ်းညွှန်၊ အလှပြင် စသော တားမြစ်ထားသော အလုပ်များတွင် ဝင်ရောက် လုပ်ကိုင်ခွင့် မရှိကြောင်း ထိုင်းအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Ref: CH 7 News, Thai PBS