တိုက်ပွဲဖြစ်ပွားလာသဖြင့် လောင်းလုံးမြို့အနီးက ကျေးရွာဒေသခံများ ပြောင်းရွှေ့

0
1275

လောင်းလုံးမြို့အနီး ကျေးရွာတို့တွင် စစ်ရေးတင်းမာနေသဖြင့် အနီးနားက ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့နေရကြောင်း စုံစမ်းသိရှိရသည်။

လောင်းလုံးမြို့နှင့် စစ်ပြဲကျေးရွာကြားတောထဲတွင် ယနေ့ ဒီဇင်ဘာလ ၂၂ ရက် နံနက် ၁၀ နာရီကျော်က ပြည်သူ့ကာကွယ်ရေး အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံအချို့က ဆိုသည်။

“(စစ်ပြဲ) စမ်းသပြေရိပ်သားနားက တောထဲကို လက်နက်ကြီးတွေလာကျတယ်။ အခုဆိုရွာထဲမှာ နေလို့မရဲကြလို့ ပြောင်းတဲ့သူကပြောင်း ဖြစ်နေကြပြီ” ဟု ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

စစ်ပြဲအနောက်ပိုင်း စမ်းသပြေရိပ်သာအနီးရှိ နေအိမ်များကြားထဲ စစ်ကောင်စီတပ်ကပစ်ခတ်သည့် လက်နက်ကြီးကျည်များကျရောက်ပေါက်ကွဲခဲ့ကြောင်းဆိုသည်။

‌လူနှင့်နေအိမ်ထိခိုက်မှုမရှိကြောင်းဒေသခံတို့ကဆိုသည်။

သို့သော် စစ်ကောင်စီတပ်က တိမ်းရှောင်နေရသဖြင့် လူမရှိသည့်နေအိမ်များထဲဝင်ရောက်မွှေနှောက်‌ရှာဖွေယူဆောင်သွားပြီး ပရိဘောဂပစ္စည်းများကိုလည်း ဖျက်ဆီးခဲ့ကြောင်းပြောဆိုသည်။

“ပစ်တာ သူတို့( စစ်ကောင်စီတပ်) တစ်ဖက်တည်းပစ်တာ။ ပစ်ပြီးတာနဲ့ အိမ်တွေထဲဝင်ပြီး လိုချင်တာအကုန်ယူသွားကြတယ်” ဟု ပစ်ခတ်မှုဖြစ်သည့်နေရာအနီးက ဒေသခံတစ်ဦးဆိုသည်။

လောင်းလုံးမြို့ပေါ်က ဒေသခံများအပါအဝင် မြို့နှင့် ထိစပ်နေသည့် စစ်ပြဲ‌ကျေးရွာအုပ်စု၊ ညင်းမော်‌ကျေးရွာ အုပ်စု၊ ပြင်းထိန်စသည့် ကျေးရွာတို့မှ ဒေသခံများ ဘေးလွတ်ရာပြောင်းရွှေ့နေခြင်းဖြစ်ကြောင်း ပြောဆိုသည်။

ရိမ်းသိမ်းပြီးစ စပါးများကို ထားပစ်ပြီး ထွက်ပြေးနေရသူများရှိသလို ရော်ဘာတောထဲဝင်ပြီး အစေးမခြစ်နိုင်ဘဲ ပစ်ထားခဲ့ရသူများလည်းရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

ဒီဇင်ဘာလ ၁၃ ရက်ကတည်းက လောင်းလုံးမြို့ပေါ်သို့ စစ်ကောင်စီတပ်က အင်အားဖြည့်တင်း ရောက်ရှိလာပြီးနောက်ပိုင်း အနီးအနားတွင် နှစ်ဖက်စစ်ရေးတင်မားလာခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ဒီဇင်ဘာလ ၁၄ ရက်တွင် ညင်းမော်ကျေးရွာရှိ ပြည်သူပိုင်ရွှေ၊ ငွေနှင့် ဆိုင်ကယ်များကို ညအချိန်ဝင်ရောက် သိမ်းဆည်းယူဆောင်သွားခဲ့သည်။

ဒီဇင်ဘာလ ၁၅ ရက်တွင် စစ်ပြဲကျေးရွာသို့ဝင်ရောက်ပြီး အလားတူဆိုင်ကယ်နှင့် ရွှေငွေများကို သိမ်းဆည်းသွားခဲ့သည်။

ဒီဇင်ဘာလ ၂၀ ရက်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က လောင်းလုံးမြို့ပေါ်ရှိ ပျူစောထီးစခန်း၊ စစ်ဖက်ရေးရာ လုံခြုံရေးရုံး စသည့် နေရာတို့အား အင်အားအလုံးအရင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ထိုနေ့ဖြစ်စဉ်တွင် ပြည်သူနှစ်ဦးသေဆုံးပြီး ရှစ်ဦးဒဏ်ရာရရှိခဲ့သည်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့ကလည်း နှစ်ဦးသေဆုံးပြီး ပျူစောထီးဟု ယူဆရသူတစ်ဦးလည်း သေဆုံးခဲ့သည်။

ယင်းသို့ဖြစ်ပွားပြီးနောက် ယနေ့ဒီဇင်ဘာလ ၂၂ ရက်တွင် စစ်ကောင်စီတပ်က မြို့ပြင်သို့ စစ်ကြောင်းထိုးထွက်လာသည့်အချိန် စစ်ပြဲကျေးရွာတွင် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။