မောရဝတီရေတပ်စခန်းဌာနချုပ်ကို ဗုံးချတိုက်ခိုက်

0
5326
ပုံစာ - မောရဝတီရေတပ်စခန်းကို တွေ့မြင်ရစဉ် (ပုံဟောင်း)

ရေဖြူမြို့နယ် ၊ ကံပေါက်ဒေသ ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုတွင် အခြေစိုက်ထားသည့် မောရဝတီရေတပ်စခန်းဌာနချုပ်(ဟိန္ဇဲဒေသ) အတွင်းသို့ ဗုံးသီးချတိုက်ခိုက်ခံခဲ့ရကြောင်းသိရသည်။

ဒီဇင်ဘာလ ၁၅ ရက် မနက်ပိုင်းတွင် ဗုံးချတိုက်ခိုက်ခံရ၍ ပေါက်ကွဲမှုဖြစ်ပြီးနောက် ကံပေါက်တိုက်နယ် အဝင်လမ်းအားလုံးကို စစ်ကောင်စီတပ်က ပိတ်ချလိုက်ကြောင်း ယာဥ်မောင်းများထံမှသိရသည်။

“ ရေတပ်ထဲမှာပေါက်ကွဲသံတွေ ကြားပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားတယ်။ ပြီးတာနဲ့ကျောင်းပိတ်ပြီး ကျောင်းသားတွေကို ပြန်လွှတ်ပေးလိုက်တယ်” ဟု အုန်းပင်ကွင်းရွာမှ ကျောင်းသားမိဘတစ်ဦးက ပြောပြသည်။

ရေတပ်စခန်းဌာနချုပ်ဘက်ကလည်း လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့၍ အိန္ဒရာဇာကျေးရွာအုပ်စု ၊ ဆင်ကူးရွာရှိ ဥယျာဥ်ခြံတစ်ခုအတွင်း ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ ကျွဲသုံးညီမရွာဘက်က လှေတွေလည်း တက်လာလို့မရဘူး၊ ပင်လယ်ဝဘက်မှာ လက်နက်ကြီးတွေထုနေတယ်” ဟု စက်လှေသမားတစ်ဦးက ဒီဇင်ဘာလ ၁၅ ရက်ညက ပြောသည်။

လမ်းပိတ်ဆို့ထားမှုကို ဒီဇင်ဘာလ ၁၅ ရက် ညနေပိုင်းမှ ယာဥ်တစ်စီးချင်းစစ်ဆေးပြီး လမ်းပြန်ဖွင့်ပေးခဲ့သည်။

ယခုတိုက်ခိုက်ခံရမှုသည် အာဏာသိမ်းပြီးနောက် မောရဝတီရေတပ်စခန်းဌာနချုပ် အတွင်း ပထမဆုံးတိုက်ခိုက်ခံရမှုဖြစ်ပြီး မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့သည်ကိုမူ မသိရသေးပေ။

တိုက်ခိုက်ရမှုကြောင့် ဌာနချုပ်အတွင်း ထိခိုက်ခံရမှုရှိမရှိကိုလည်း ဆက်လက်စုံစမ်း အတည်ပြုနေဆဲဖြစ်သည်။

ကံပေါက်ဒေသတွင် မောရဝတီရေတပ်စခန်းဌာနချုပ် ဟိန္းဇဲရေယာဥ်စု အဖြစ် ရေတပ်စခန်းတစ်ခုနှင့် ရေတပ်လေ့ကျင့်ရေးသင်တန်းကျောင်းတစ်ခုအခြေစိုက်ပြီး ကျွန်းစုမြို့တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်အခြေစိုက်သည်။