လုံခြုံရေးတင်ကြပ်ထားသည့် လောင်းလုံးမြို့ပေါ်တွင် ဆန္ဒထုတ်ဖော်

0
984
ဓာတ်ပုံ - DDMSC

လုံခြုံရေးတင်းကြပ်ထားသည့် လောင်းလုံးမြို့ပေါ်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်လှုပ်ရှားမှုကို ယနေ့ (ဒီဇင်ဘာ ၉)နံနက်ပိုင်းက ပြုလုပ်ခဲ့ကြသည်။

လောင်းလုံးမြို့နယ်ဆေးရုံနှင့် မြို့တော်ခန်းမရှေ့တွင် သပိတ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး မြို့တော်ခန်းမအရှေ့တွင် “ဖက်ဆစ်စစ်တပ်ကိုစွန့်ခွာကြ၊ ပြည်သူ့ရင်ခွင်ခုံလှုံကြ” စာသားပါ ဘန်နာကိုချိတ်ဆွဲ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

စစ်ကောင်စီဘက်တော်သားများ ပြည်သူဖက်ကိုကူးပြောင်းလာကြရန်တိုက်တွန်းသည့်အနေဖြင့် ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထားဝယ်ခရိုင်ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီက ထုတ်ပြန်သည်။

ယင်းသပိတ်လှုပ်ရှားမှုမှာ မြန်မာနိုင်ငံတွင် အရှည်ကြာဆုံး အကြမ်းမဖက် စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် တစ်ခုဖြစ်ပြီး စစ်ကောင်စီကနှိမ်နင်းရန် ကြိုးစားနေသော်လည်း ရက်ပေါင်း ၉၀၀ ကြာသည်အထိ လှုပ်ရှားမှုများ လုပ်ဆောင်နိုင်ဆဲဖြစ်သည်။

ဒီဇင်ဘာလ ၆ ရက်က လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးရုံးနှင့် မြို့မရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် မြို့ပေါ်တွင် အရင်ကထက် လုံခြုံရေးတိုးမြှင့်ထားပြီး စစ်ဆေးမှုတင်းကြပ်ထားကြောင်း ခရီးသည်အချို့ကပြောသည်။

‌“လဝကရုံးရှေ့မှာ ဘယ်ရီဂိတ်တွေချထားလိုက်တယ်။ အရင်လိုမျိူးမဟုတ်တော့ဘူး။ မြွေလိမ်၊ မြွေကောက်သွားရတာ။ ဆိုင်ကယ်လည်းဆင်းတွန်းရတယ်။ စီးလို့မရတော့ဘူး” ဟု ယမန်နေ့က ယင်းလမ်းပိုင်း ဖြတ်သန်းသွားခဲ့သည့် ခရီးသည်တစ်ဦးကဆိုသည်။

ဘယ်ရီဂိတ်များချပြီး စစ်ဆေးတင်းကြပ်နေသည့်နေရာနှင့် ယနေ့ထားဝယ်သပိတ်ကော်မတီက ဆန္ဒထုတ်ဖော်သည့်နေရာမှာ မီတာ ၅၀၀ ‌ခန့်သာကွာဝေးသည်။

ယခင်ကလည်း ထားဝယ်သပိတ်ကော်မတီဝင်တို့သည် လောင်းလုံးမြို့ပေါ်အထိသွားရောက်ကာ မကြာခဏ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်များပြုလုပ်ခဲ့ဖူးသည်။

‌ထားဝယ်မြို့ပေါ်သပိတ်များ ဖြိုခွင်းခံရပြီးနောက်ပိုင်း ထားဝယ်ခရိုင် သပိတ်ကော်မတီက ဦးဆောင်ပြီး လောင်းလုံးမြို့နယ်ရှိ ကျေးရွာများတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်ခဲ့ခြင်းဖြစ်သည်။