ဘုတ်ပြင်းတွင် KNLA ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦး ပစ်သတ်ခံရ

0
1086

ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) က ရဲဘော်တစ်ဦးနှင့် အရပ်သားတစ်ဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဒီဇင်ဘာ ၄ ရက် နံနက် ၉ နာရီဝန်းကျင်က ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံလမ်း ၃ မိုင်တွင် အရပ်သားတစ်ဦး မောင်းပြီး KNLA ရဲဘော်နှစ်ဦး စီးလာသည့် ဆိုင်ကယ်သည် မိုက်ခရိုဝေ့တာဝါတိုင်သို့ လာသည့် စစ်ကောင်စီတပ်နှင့်တွေ့ကာ ပစ်သတ်ခံရခြင်း ဖြစ်ကြောင်း ဒေသခံများ က ဆိုသည်။

“ရှေ့ကမောင်းလာတဲ့ အရပ်သားတစ်ဦးနဲ့ နောက်ကထိုင်လာတဲ့ KNU ရဲဘော်တစ်ဦးသေတယ်။ အလယ်မှာထိုင်လာတဲ့ ရဲဘော်က လွတ်သွားတယ်လို့ ကြားရတယ်” ဟု ပြည်ကြီးမဏ္ဍိုင်မြို့ခံတစ်ဦးက ပြောသည်။

သေဆုံးသည့် KNU/KNLA ရဲဘော်မှာ တပ်ရင်း ၂၀၃ က ရဲဘော်ဖြစ်သည်ဟု သိရပြီး အရပ်သားမှာ ပြည်ကြီးမဏ္ဍိုင်မြို့ခံ အသက် ၃၀ ကျော်အရွယ် ကိုမျိုးသိန်းထွန်းဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

“အလောင်းကိုတော့ လမ်းဘေးမှာပဲ မြေမြှုပ်ထားတယ်လို့ သိရတယ်။ မိသားစုတွေ သွားယူမယူ မသိရသေးဘူး” ဟု ဒေသခံအမျိုးသား နောက်တစ်ဦးက ပြောသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်ပြီး KNU/KNLA ထံ မေးမြန်းခွင့်ရရှိရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၂၄ ရက်နေ့က ပြည်ကြီးမဏ္ဍိုင်မြို့ ရဲစခန်းတောင်ကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်များ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက် တပ်သားအချို့ ဒဏ်ရာရခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။