ပျောက်ဆုံးနေသည့် သဘော့ဆိပ်ပြင်ကြီးရွာသား အလောင်းသာပြန်တွေ့

0
1005

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာသား ဦးမြင့်ဦးကို လက်နက်ကိုင်လူတစ်စုက ခေါ်ဆောင်သွားပြီးနောက် ခြောက်ရက်မြောက်နေ့တွင်အလောင်းသာ ပြန်လည်တွေ့ရှိကြောင်း ဒေသခံများထံမှသိရသည်။

ကျောက်ဆင်ရွာသင်္ချိုင်းတွင် မြှုပ်နှံထားသည့် ဦးမြင့်ဦး၏ အလောင်းမှာ ပုပ်ပွလာသည့်အတွက် သင်္ချိုင်းအနီး ဖြတ်သွားသူတစ်ဦးက ဒီဇင်ဘာလ ၄ ရက် နံနက်ပိုင်းတွင် စတင်တွေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။

“တွင်းက တိမ်နေတော့ အလောင်းကပုပ်ပွပြီး လက်တစ်ဖက်ပေါ်လာလို့ လူတွေ စတင်သိရှိတာ။ အလောင်းက ရုပ်ပျက်ဆင်းပျက်တောင်ဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ထို့နောက် အလောင်းကို မိသားစုဝင်များနှင့် ဒေသခံများက ယင်းကျေးရွာသင်္ချိုင်းကုန်း၌ပင် ဒီဇင်ဘာလ ၄ ရက်နေ့ နေ့လယ်ပိုင်းတွင်ပင် မြေမြှုပ်သင်္ဂြိုဟ်လိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဦးမြင့်ဦးကို နိုဝင်ဘာလ ၂၉ ရက်နေ့က လက်နက်ကိုင်လူတစ်စုက ၎င်း၏ နေအိမ်၌ပင် စစ်ဆေးရန် ရှိသည်ဟုဆိုကာ ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦး၏ ပြောပြချက်ကို ကိုးကားကာ ဒေသခံတစ်ဦးက ပြောသည်။

“စစ်ဆေးပြီး ပြန်လွှတ်ပေးမယ်လို့ ပြောခဲ့တယ်လို သိရတယ်” ၎င်းက ပြောဆိုသည်။

သုံးလေးရက်ကြာသည်အထိ အိမ်ပြန်မရောက်လာသောကြောင့် မိသားစုဝင်များနှင့် ဆွေမျိုးသားချင်း‌များက လိုက်ရှာရမှ ဦးမြင့်ဦး၏ ရုပ်အလောင်းကို သဘော့ဆိပ်ပြင်ကြီးရွာ၏ တစ်ရွာကျော်ဖြစ်သော ကျောက်ဆင်ရွာသင်္ချိုင်းတွင် ပြန်လည်တွေ့ရှိရခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် Dawei Defense Team (DDT တပ်ခွဲ ၃ ) ထားဝယ် ပကဖ အဖွဲ့ဘက် ကမူ ဦးမြင့်ဦး ပျောက်ဆုံးနေမှုသည့် ထားဝယ်ပကဖအဖွဲ့နှင့် သက်ဆိုင်ခြင်းမရှိကြောင်း ဒီဇင်ဘာလ ၃ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ဦးမြင့်ဦးကို မည်သည့် လက်နက်ကိုင်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသတ်ဖြတ်ခဲ့သည်ကို အတည်မပြုနိုင်သေးပေ။