တစ်နိုင်ငံလုံးအတိုင်းအတာစစ်ဆင်ရေးကို နောက်တစ်ဆင့်တိုးမြှင့်မည်ဟု မြောက်ပိုင်းမဟာမိတ်ပြော

0
4729
ပုံစာ - နိုဝင်ဘာလ ၂၄ရက်က သိမ်းယူခဲ့သည့် မိုင်းကျက်စခန်း။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်လုပ်ဆောင်နေသည့် စစ်ဆင်ရေး Nationwide Operation ကို ၁၀၂၇ စစ်ဆင်ရေး တစ်လပြည့်နေ့ဖြစ်သည့် နိုဝင်ဘာလ ၂၇ ရက်တွင် နောက်တစ်ဆင့်တက်ရန်အသင့်ဖြစ်နေပြီဖြစ်ကြောင်း မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ပူးတွဲထုတ်ပြန်သည်။

ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးကို မြောက်ပိုင်းမဟာမိတ် သုံးဖွဲ့ဖြစ်သည့် ကိုးကန့်တပ် MNDAA ၊ တအာင်းတပ် TNLA ၊ ရခိုင်တပ် AA တို့က အောက်တိုဘာလ ၂၇ရက်တွင် စတင်ခဲ့ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေး ရောက်ရှိသော ဒေသများတွင် စစ်ရှိန်ဆက်လက်မြင့်တက်လျက်ရှိပြီး စစ်ကောင်စီ၏ အရေးပါသော နေရာများ၊ လက်နက်ကြီးကုန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြသည်။

လက်နက်ကြီးများဖြင့် ပစ်ခတ်နေသော စစ်ကောင်စီ စစ်စခန်းများ၊ မဟာဗျူဟာမြောက် အချက်အချာကျသောကုန်းများအား အပြီးသတ်ချေမှုန်းတိုက်ခိုက်သည့်စစ်ဆင်ရေးတိုင်းတွင် မဟာမိတ်တပ်ဘက်က အကျအဆုံးများစွာဖြင့် သိမ်းယူခဲ့ရခြင်းဖြစ်ကြောင်းလည်း ပါရှိသည်။

စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၇၀ ကျော်နှင့် လက်နက်ခဲယမ်းမြောက်များစွာ သိမ်းဆည်းရမိခဲ့ကြောင်းလည်း မြောက်ပိုင်းမဟာမိတ်တို့က ဆိုသည်။

လာရှိုးမြို့နယ်ရှိ မိုင်းကျက်စခန်းကို စစ်ဆင်ရေးစတင်သည့်နေကပင် တိုက်ခိုက်ခဲ့ပြီး ၂၈ ရက်အကြာ နိုဝင်ဘာလ ၂၄တွင် TNLA က သိမ်းယူနိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လေယာဉ်ဖြင့် အကြိမ် ၁၃၀ ကျော် လာရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ကိုးကန့်ဒေသတွင်လည်း စစ်ကောင်စီတပ်စခန်းများ၊ တောင်ကုန်းများကို သိမ်းယူနိုင်ပြီဖြစ်သဖြင့် စစ်ဆင်ရေးကို လောက်ကိုင်မြို့သို့ ဦးတည်နေပြီဖြစ်ကြောင်း MNDAA က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်တွင်လည်း ပေါက်တော၊ ကျောက်တော်၊ ရသေ့တောင်၊ မင်းပြား၊ မောင်တော၊ မြေပုံမြို့နယ်တို့တွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီတပ်စခန်း လေးခု အပါအဝင် စစ်ကောင်စီတပ် စွန့်ခွာသွားသည့် စခန်း ၄၀ကျော်ကို သိမ်းယူထားနိုင်ကြောင်း AA က ထုတ်ပြန်ထားသည်။