တစ်ပတ်အတွင်း မြန်မာ့ရေးရာ

0
968

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၈ ရက်နေ့အထိ

လောက်ကိုင်မြို့ထဲ တရုတ်အထူးတပ်ဖွဲ့ ဝင်ရောက်

လောက်ကိုင်မြို့မှာ ခိုအောင်းနေတဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ကို နှိမ်နင်းဖို့ တရုတ် အထူးတပ်ဖွဲ့ တွေကို မြန်မာနိုင်ငံထဲ ပထမဆုံးခြေချခွင့်ပြုလိုက်ပါတယ်။

မြန်မာနိုင်ငံကို မကြာသေးခင်ကရောက်လာတဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင် ပြည်သူ့လုံခြုံရေး ဝန်ကြီး နဲ့ စစ်ကောင်စီကြားမှာ သဘောတူခဲ့သလို အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေးမှာလည်း တင်ပြခဲ့တယ်လို့ ဘီဘီစီသတင်းက ဆိုပါတယ်။

ဒီလိုမျိုး တရုတ်အထူးတပ်ဖွဲ့တွေ ဝင်ရောက်မယ့်ရက်ကို နှစ်နိုင်ငံစလုံးက လျှို့ဝှက်ထားပေမယ့် စစ်ဆင်ရေးကို အခုရက်ပိုင်းအတွင်းမှာပဲ စတင်ခဲ့ပြီလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့မှာတော့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွှယ်ပြီး တရုတ်ဘက်ကရော စစ်ကောင်စီဘက်ကပါ ဝရမ်းထုတ်ထားတဲ့ ကိုးကန့်သူဌေး မြီရှောက်ချန်းဟာ လောက်ကိုင်မြို့မှာ သူ့ကိုယ်သူ အဆုံးစီရင်သွားပါတယ်။

မြီရှောက်ချန်း ကို ဝင်ရောက်ဖမ်းဆီးချိန် ပစ္စတိုနဲ့ သူ့ကိုသူအဆုံးစီရင်ခဲ့တာလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

ကိုးကန့်ဒေသရဲ့ အချမ်းသာဆုံးမိသားစု လေးခုထဲက မြီ မိသားစုဝင်တွေဖြစ်တဲ့ မြီရှောက်ချန်းရဲ့သား သမီးနဲ့ မြေးဖြစ်သူကိုလည်း အဲဒီနေ့မှာပဲ ဖမ်းဆီးလိုက်ပြီး တရုတ်နိုင်ငံကို လွှဲအပ်လိုက်တယ်လို့ ဆိုပါတယ်။

ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင် ရဲ့ တပည့်ဟောင်းတစ်ဦး ဖြစ်တဲ့ မြီရှောက်ချန်း ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအမတ်ဟောင်းလည်း ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း လောက်ကိုင်မြို့ကို ဝင်တိုက်ဖို့အချိန်တန်ပြီလို့ ကိုးကန့်တပ်ဖွဲ့ က ထုတ်ပြန်ထားပါတယ်။

လောက်ကိုင်မြို့ကို ဝင်ရောက်တိုက်ခိုက်တော့မယ်လို့ ကိုးကန့်တပ် MNDAA က ကြေညာအပြီးမှာတော့ စစ်ကောင်စီက ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို အုပ်ချုပ်ရေးအပြောင်းအလဲ လုပ်လိုက်ပါတယ်။

ကိုးကန့်ဦးစီးဥက္ကဋ္ဌ ဦးမြင့်ဆွေကို အနားပေးလိုက်ပြီး အရှေ့မြောက်တိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးချုပ်ထွန်းထွန်းမြင့်ကို ခေတ္တဥက္ကဋ္ဌ ခန့်လိုက်တယ်လို့ နိုဝင်ဘာ ၁၅ ရက်ညမှာ စစ်ကောင်စီက ကြေညာပါတယ်။

……………………………………

အိန္ဒိယက ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်သားတွေကို မြန်မာဘက် ပြန်လွှဲပြောင်းပေး

အိန္ဒိယဘက်ထိန်းသိမ်းထားတဲ့ စစ်ကောင်စီတပ်သား ၄၀ လောက်ကို စစ်ကောင်စီထံ ပြန်ပြီး လွှဲပြောင်းပေးလိုက်ပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ် ရိဒ်ခေါဒါရ်မြို့က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ချင်းအမျိုးသားတပ်ဦး (CNF) က တိုက်ခိုက်သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေဟာ အိန္ဒိယဘက်ခြမ်း မီဇိုရမ်ပြည်နယ်ကို ထွက်ပြေးခဲ့တာပါ။

အိန္ဒိယဘက်ကို ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးဟာ မီဇိုရမ်ပြည်နယ် ရဲတပ်ဖွဲ့ဆီမှာ လက်နက်ချခဲ့တာကြောင့် အိန္ဒိယစစ်တပ်ရဲ့ ထိန်းသိမ်းရေးစခန်းကို ပို့လိုက်ပါတယ်။

ဒီလိုထိန်းသိမ်းခံရတဲ့ ၄၃ ဦးထဲက ၃၉ ဦးကို အိန္ဒိယနိုင်ငံ မဏိပူရမြို့ရဲ့ နယ်စပ်ဂိတ်ကနေ စစ်ကောင်စီဆီကို ပြန်ပြီးလွှဲပြောင်းပေးခဲ့တယ်လို့ ဆိုပါတယ်။

ရိဒ်ခေါဒါရ်မြို့ကတိုက်ပွဲကြောင့် ဒေသခံငါးထောင်ကျော်ဟာ ရိဒ်ခေါဒါရ်မြို့နဲ့ သိပ်မဝေးတဲ့ အိန္ဒိယရဲ့ နယ်စပ်မြို့ မှာ ခိုလှုံနေကြပါတယ်။

……………………………………

မိုးဗြဲနဲ့ နန်းမယ်ခုံမြို့ကို KNDF ထိန်းချုပ်

၁၁၁၁(တစ်လေးလုံး) စစ်ဆင်ရေး ဒုတိယမြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ  မိုးဗြဲမြို့နဲ့ နန်းမယ်ခုံမြို့ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)က ထိန်းချုပ်လိုက်နိုင်ပြီလို့ ဆိုပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာရှိတဲ့မိုးဗြဲမြို့ နဲ့ ကရင်နီပြည်နယ်က နန်းမယ်ခုံမြို့ကို ထိန်းချုပ်ခဲ့တာပါ။

စစ်ဆင်ရေးစတင်တဲ့ တရက်တည်းမှာပဲ စစ်တပ်စခန်း ၇ ခုကို တပြိုင်နက်တည်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ် တစ်စီးကို ပစ်ချနိုင်ခဲ့တယ်လို့ KNDF က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ အဲဒီလေယာဉ်ဟာ ပစ်ချခံရတာမဟုတ်ဘဲ ပျက်ကျတာဖြစ်တယ်လို့  တုံ့ပြန်ပြောဆိုထားပါတယ်။

တစ်ဖက်မှာလည်း လွိုင်ကော်တက္ကသိုလ်ဝင်းထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်၃၈ ဦးဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ဆီမှာလက်နက်ချအညံ့ခံခဲ့ပါတယ်။

လွိုင်ကော်တက္ကသိုလ်ထဲတပ်စွဲထားတဲ့ တပ်မ(၆၆)လက်အောက်ခံ ခမရ (၄၂၅) နဲ့ ခမရ (၆) တပ်ရင်းတွေကို အပြီးသတ်ချေမှုန်းပြီးနောက် နောက်ဆုံးကျန်နေတဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်ချအညံ့ခံခဲ့တာလို့ ဆိုပါတယ်။

လက်နက်ချသူတွေကို KNDF စစ်ဖက်ဆိုင်ရာအက်ဥပဒေနဲ့ သုံ့ပန်းဆိုင်ရာမူဝါဒတွေအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီတက္ကသိုလ်ထဲမှာရှိနေတဲ့ Non-CDM ပညာရေးဝန်ထမ်း ၁၇၀ ကျော်ကိုလည်း KNDF ဘက်က ကယ်ထုတ်ခဲ့ပါတယ်။

……………………………………

စစ်ကောင်စီအုပ်ချုပ်ရေးယန္တရားမှာပါနေသူအားလုံး  ၇ ရက်အတွင်းထွက်ဖို့ KNU သတိပေး

စစ်ကောင်စီအုပ်ချုပ်ရေးအောက်က  ယန္တရားမှာ ပါဝင်နေသူတွေအားလုံး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ထဲက ၇ ရက်အတွင်း ထွက်ခွာသွားကြဖို့ ကရင် အမျိုးသား အစည်းအရုံး (KNU) က သတိပေးလိုက်ပါတယ်။

 ကျိုက်ဒုံမြို့၊ ကော့ကရိတ်မြို့၊ စုကလိမြို့နဲ့ ဝေါ်လေမြိုင်မြို့ရှိ စစ်ကောင်စီယန္တရားမှာ ပါဝင်နေသူတွေထွက်သွားဖို့  နိုဝင်ဘာလ ၁၇ ရက်နေ့က သတိပေးလိုက်ပါတယ်။

အခုသတိပေးချက်က နောက်ဆုံးအကြိမ်ဖြစ်ပြီး မလိုက်နာရင် နောက်ဆက်တွဲ ပြဿနာတွေကို တာဝန်ယူမှာ မဟုတ်ဘူးလို့ဆိုပါတယ်။

လက်ရှိမှာတော့ ကော့ကရိတ်မြို့က ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ဒေသခံအများစုလည်း ပြောင်းရွှေ့နေကြတယ်လို့ ဆိုပါတယ်။

ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ စစ်ကောင်စီတပ်နဲ့ KNU တို့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

……………………………………

စစ်ကောင်စီကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူဖို့ အရှေ့တောင်အာရှ လွှတ်တော်အမတ်များအဖွဲ့တောင်းဆို

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ချက်မှာပါတဲ့ လူသားချင်းစာနာမှုအကူအညီပေးရေးဟာ အဆိုးဝါးဆုံးအခြေအနေရောက်နေပြီး ကျူးလွန်နေတဲ့ စစ်ကောင်စီကို ထိထိရောက်ရောက် ပိတ်ဆို့အရေးယူဖို့ အရှေ့တောင်အာရှ လွှတ်တော်အမတ်များ အဖွဲ့ ပူးတွဲဥက္ကဌက အာဆီယံကို တောင်းဆိုလိုက်ပါတယ်။

နိုဝင်ဘာ ၁၇ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ နိုင်ငံခြားသတင်းထောက်များ အသင်းခန်းမမှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာပါ။

အင်ဒိုနီးရှား၊ မလေးရှားနဲ့ ထိုင်းနိုင်ငံက လွှတ်တော်အမတ်တွေပါဝင်တဲ့ APHR ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာစစ်ဘေးဒုက္ခသည်တွေရှိတဲ့ ထိုင်းနယ်စပ် မယ်ဟောင်ဆောင်နဲ့ မယ်စရီးယန်းမြို့တွေကို လေးရက်ကြာ သွားရောက်ပြီးနောက် အခုလို ပြောဆိုခဲ့တာပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းနယ်စပ်ကို ထွက်ပြေးလာရသူတွေ အရေးပေါ်အကူအညီ လိုနေတယ်လို့ အရှေ့တောင်အာရှလွှတ်တော်အမတ်များအဖွဲ့ (APHR) က ပြောပါတယ်။

ထိုင်းနယ်စပ်က မြန်မာစစ်ဘေးဒုက္ခသည်တွေရဲ့ အခြေအနေဟာ အရမ်စိုးရိမ်စရာကောင်းပြီး လူသားချင်းစာနာမှုအကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ APHR အဖွဲ့ဥက္ကဋ္ဌ အင်ဒိုနီးရှားလွှတ်တော်အမတ်က ပြောပါတယ်။

ဒါ့အပြင် နယ်စပ်ကဆေးခန်းတွေမှာ လူနာတွေအတွက် ဆေးဝါး နဲ့ အနွေးထည်တွေ အရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။

မလေးရှား လွှတ်တော်အမတ်ကလည်း မြန်မာစစ်တပ်က လေကြောင်းကနေ ဆက်ပြီးတိုက်ခိုက်နေတာကြောင့် ထိုင်းနယ်စပ်နားမှာ မြန်မာစစ်ဘေးဒုက္ခသည် သုံးသိန်းအထိ ရှိလာနေပြီဖြစ်ပြီး မြန်မာစစ်ကောင်စီကို ပိတ်ဆို့အရေးယူတာတွေ ပြင်းပြင်းထန်ထန်ချမှတ်ဖို့လည်း နိုင်ငံတကာကို တိုက်တွန်းသွားပါတယ်။

ယင်းအပြင် နယ်စပ်တစ်လျှောက်က မြန်မာစစ်ဘေးဒုက္ခသည်တွေကို အကူအညီပေးရေး ထိုင်းအစိုးရရဲ့ မူဝါဒ ပြောင်းလဲဖို့နဲ့ ဒီဒုက္ခသည်တွေအတွက် အန္တရာယ်ကင်းဇုန်တစ်ခု တည်ထောင်ဖို့ အရေးကြီးတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့တစ်ခုရဲ့ အမှုဆောင်ဒါရိုက်တာက ပြောပါတယ်။

……………………………………

ချောင်းနှစ်ခွရဲစခန်းနဲ့ တံတားဂိတ် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကူမလာနိုင်အောင် ဒေသတွင်းလမ်းတွေကို ပိတ်

ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွရွာရဲစခန်းနဲ့ ချောင်းနှစ်ခွတံတားဂိတ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက နိုဝင်ဘာလ ၁၀ ရက်နေ့ ကစတင်တိုက်ခိုက်ပြီးနောက် ဒေသတွင်းလမ်းပိုင်းတွေကို ပိတ်ထားပါတယ်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးနဲ့ မွန်ပြည်နယ် ကျိုက်မရော၊ မုဒုံမြို့ကို ဆက်သွယ်ထားတဲ့ ချောင်းနှစ်ခွတံတားနားမှာ နိုဝင်ဘာလ ၁၇ ရက်နေ့အထိ နှစ်ဖက်ပစ်ခတ်တာတွေ ဆက်ရှိနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ကျိုက်မရော ဘိလပ်မြေစက်ရုံ၊ စံပယ်ဂူတံတား၊ မော်လမြိုင် လမ်းပိုင်းကိုလည်း စစ်ကောင်စီတပ်တွေ စစ်ကူလာလို့ မရအောင် KNLA ပူးပေါင်းတပ်တွေက ဖြတ်သန်းသွားလာခွင့် ပိတ်ထားတယ်လို့ ဆိုပါတယ်။

စတင်တိုက်ခိုက်ချိန်ကတည်းက ချောင်းနှစ်ခွတံတားကို KNLA ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားတာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ပြန်ပြီးထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

KNLA ပူးပေါင်းတပ်တွေဟာ ချောင်းနှစ်ခွရဲစခန်းအပြင် တံတားရှိ စစ်ကောင်စီတပ်စခန်း၊ ရဲကင်း၊ BGF ကရင်နယ်ခြားစောင့်တပ် ကင်းစခန်းနဲ့ တောင်ကလေးရဲကင်းစခန်းတွေကို တိုက်ခိုက်ခဲ့တာပါ။

……………………………………

ရခိုင်ပြည်နယ် မောင်တောက ဒုံးညိုနယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA)က သိမ်းပိုက်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အခြေစိုက် ဒုံးညိုနယ်ခြားစောင့်ရဲစခန်းကို ရက္ခိုင့်တပ်တော် (AA) က နိုဝင်ဘာ ၁၇ ရက်နေ့မှာ  သိမ်းပိုက်လိုက်ပါတယ်။

နိုဝင်ဘာ ၁၆ ရက်မနက်ကတည်းက အဲဒီစခန်းကို တိုက်ခိုက်နေတာဖြစ်ပြီး စစ်ကောင်စီတပ် ဘက်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူပေးနေတဲ့ကြားက သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးကို ဖမ်းမိပြီး သေနတ်အလက် လေးဆယ်အပါအဝင် စစ်အသုံးအဆောင်ပစ္စည်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။

ပေါက်တောမြို့ရှိရဲစခန်းကိုလည်း နိုဝင်ဘာ ၁၆ ရက်နေ့မှာ AA က သိမ်းပိုက်ခဲ့သလို လက်နက်ချ အညံ့မခံတဲ့ ရခိုင်ပြည်နယ်ထဲက စခန်းတွေကို တိုက်ခိုက်သွားမယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲစတင်ခဲ့သည့် နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က စခန်းပေါင်း ၄၀ လောက်ကို စွန့်လွှတ်ခဲ့တယ်လို့  AA က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီပြောခွင့်ရသူကတော့  AA သိမ်းပိုက်ခဲ့တဲ့ ပေါက်တောမြို့ ရဲစခန်းနဲ့ ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ပြီလို့ ပြောပါတယ်။

မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ ပေါက်တောမြို့နယ်တွေမှာ တိုက်ပွဲတွေဖြစ်နေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရသလို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့အတွက် ထိခိုက်သေဆုံးသူတွေလည်း ဆယ်ချီရှိနေပါတယ်။

……………………………………

နယ်မြေမတည်ငြိမ်တဲ့ဒေသတွေမှာ ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ လုံခြုံရေးအဖွဲ့ ဖွဲ့စည်း

တိုက်ပွဲပြင်းထန်ပြီး နယ်မြေမတည်ငြိမ်တဲ့ ဒေသအချို့မှာ ဌာနဆိုင်ရာဝန်ထမ်းတွေကို လုံခြုံရေးအဖွဲ့ ဖွဲ့စည်းနေတယ်လို့ စစ်ကောင်စီက ပြောဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်ထဲက မြို့နယ်အချို့မှာ ဖွဲ့စည်းနေတာလို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြောဆိုထားပါတယ်။

ပြည်တွင်းသတင်းအချို့မှာတော့ နေပြည်တော်က ဌာနဆိုင်ရာရုံးဝန်ထမ်းတွေကို လုံခြုံရေးနဲ့ သဘာဝဘေးအန္တရာယ် တုံ့ပြန်ဖို့အတွက် တပ်ဖွဲ့တွေ ဖွဲ့ခိုင်းထားတယ်လို့ ဆိုပါတယ်။

……………………………………