ဩဇာသီးနဲ့ သံပရာရည်တွဲသောက်ရင် သေတယ်ဆိုတာ ဟုတ်ရဲ့လား

0
1689

ဩဇာသီးစားပြီး သံပရာရည်သောက်လိုက်ရင် သေတယ်ဆိုတဲ့အကြောင်းအရာကို အင်တာနက် လူမှုကွန်ရက်ပေါ်မှာ မျှဝေသူအများအပြားနဲ့ ပျံ့နှံ့နေပါတယ်။

“သတိ …! ဒီရာသီမှာ အထူးသတိထားပါ။ ဩဇာသီး လေး ငါးလုံးစားပြီးနည်းနည်း ခေါင်းမူးလာလို့ သံပုရာရည် သောက်လိုက်တဲ့ မိတ်ဆွေ သံပုရာရည်တောင် မကုန်သေးဘူးနေရာမှာတင် ပွဲချင်းပြီး သေသွားတယ်။ သိဖို့က ဩဇာသီးနဲ့ သံပုရာရည်တွဲမိရင် သေတတ်ပါတယ်။ Source. ဆရာမောင် page” ဆိုပြီး မျှဝေနေကြတာပါ။

အဲဒီစာသားကို မူရင်း ရင်းမြစ်အဖြစ်ဖော်ပြထားတဲ့ ဆရာမောင်ဆိုတဲ့ အကောင့် ဒါမှမဟုတ် page ကိုတော့ ရှာမတွေ့ပါဘူး။

ဒါပေမဲ့ အဲဒီစာသားကို ပြန်လည်ကူးယူမျှဝေပြီး မျှဝေသူအများအပြားနဲ့ Facebook မှာ ပျံ့နှံ့နေပါတယ်။ အဲဒီထဲက ထပ်ဆင့်မျှဝေသူများတဲ့ အကောင့်နှစ်ခုရဲ့ ဖော်ပြချက်ကို ဖော်ပြပါမယ်။

Daw Yin Yin Aye ဆိုတဲ့ အကောင့်က မျှဝေထားတဲ့ ဖော်ပြချက်မှာဆိုရင် Reaction ပြုလုပ်သူ ငါးရာကျော်၊ မှတ်ချက်ပြုသူ လေးဆယ့်လေးဦး၊ မျှဝေသူ ရှစ်ထောင်လေးရာကျော်နဲ့ ပျံ့နှံ့နေတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

နောက်ထပ် ပျံ့နှံ့အားကောင်းတဲ့ Ko Khin Mg Kyi ဆိုတဲ့ အကောင့်က မျှဝေချက်မှာ Reaction ပြုလုပ်သူ လေးရာကျော်၊ မှတ်ချက်ပြုသူ ဆယ့်ငါးဦးနဲ့ မျှဝေသူ သုံးရာ့ခုနစ်ဆယ်ကျော်ရှိနေတာကို ဒီနေရာမှာ ကြည့်
နိုင်ပါတယ်။  

အဲဒီလို ပျံ့နှံ့အားကောင်းစွာနဲ့ ပျံ့နှံ့နေတဲ့ ဩဇာသီးနဲ့ သံပရာရည်တွဲသောက်ရင် သေတယ်ဆိုတာဟာ လွဲမှားတယ်လို့ ကျွမ်းကျင်ဆရာဝန်တွေက ပြောပါတယ်။ Dawei Watch က ဆရာဝန်ကို ဆက်သွယ်မေးမြန်းချက်၊ တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ရေးသားချက်တွေကို ကိုးကားပြီး အချက်အလက် စိစစ်ဖော်ပြလိုက်ပါတယ်။

ဩဇာသီးနဲ့ သံပရာရည်တွဲသောက်ရင် သေလား

ဩဇာသီးနဲ့ သံပရာရည်ကို တွဲသောက်ရင် သေတယ်ဆိုတာဟာ အစားအစာနှစ်ခု တွဲစားမိလို့ အဆိပ်သင့်ပြီး သေဆုံးတာ မဟုတ်ဘဲ စားသုံးသူရဲ့ရောဂါအခံကြောင့် ဓာတ်မတည့်ဘဲ သေဆုံးတာဖြစ်နိုင်တယ်လို့ Dawei Watch နဲ့ အင်တာဗျူးလုပ်ထားတဲ့ ဆရာဝန်တစ်ယောက်က ဖြေကြားထားပါတယ်။

“ဩဇာသီး ၅ လုံးလောက်စားတယ်။ လူကဆီးချိုလည်း မထိန်းထားဘူး။ ဆီးချိုလည်းရှိတယ်။ ဩဇာသီးက ချိုတယ် လေ။ ဂလူးကို့လယ်ဗယ် ဆောင့်တက်ပြီးတော့ ဆီးချိုတက်လို့ ရုတ်တရက်သတိလစ်ပြီး သေသွားတာပဲဖြစ်နိုင်တယ်” လို့ ဆရာဝန်က ပြောပါတယ်။

နောက်ပြီး အစားအစာနှစ်ခုဟာ တစ်ခုပြီးမှ တစ်ခုစားတာမဟုတ်ဘဲ တစ်ပေါင်းတည်းတွဲစပ်စားသောက်မှ အာနိသင်ပိုရှိတယ်လို့ဆိုပါတယ်။

“မတည့်တာတောင်မှလေ တွဲပြီးစားမှသာ တကယ်အာနိသင်ရှိတာပေါ့နော်။ အခုဩဇာသီးစားတယ်ဗျာ၊ စားပြီးတာနဲ့ သံပရာရည်တန်းပြီး မော့သောက်တာ မဟုတ်ဘူးလေ။ ဩဇာသီးစားတယ်။ စားလို့ မူးလာတယ်။ သံပရာရည် သောက်မယ်ဆိုရင် ဖျော်ဦးမယ်၊ ပြင်ဦးမယ်၊ ညှစ်ဦးမယ်ဆိုတာ ရှိဦးမယ်လေ။ အဲဒီအချိန်မှာ ကိုယ်ခန္ဓာမှာရှိတဲ့ အစာအိမ်ထဲမှာရှိတဲ့ အက်ဆစ်နဲ့ အရှေ့ကဟာတွေနဲ့ ဓာတ်ပြုနေပြီ။ ဖြစ်နိုင်တဲ့ အကြောင်းအရာတွေက အများကြီးပဲ ခင်ဗျား။ နှလုံးအဆို့ပိတ်တာ ဖြစ်နိုင်တာပဲ။ စားနေတဲ့ အချိန်မှာမလို့ ဒီရောဂါတွေက ဒီအချိန်မှာ မဖြစ်ရဘူးဆိုတာ မရှိဘူးလေခင်ဗျာ။ သူ့ရောဂါအခံတစ်ခုခုရှိလို့ ဒါစားပြီးတော့ ဒါလေးသောက်လိုက်တဲ့ အချိန်မှာ ဟိုဟာ (ရောဂါအခံ) ကလည်း ပြဿနာဖြစ်နေလို့ သေတာလည်း ဖြစ်နိုင်တယ်လေ” လို့ ဆရာဝန်က ရှင်းပြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ အများစုလက်ခံထားတဲ့ အစားအစာနှစ်ခုကို တွဲဖက်စားသောက်မိရုံနဲ့သေစေနိုင်တယ်ဆိုတာ ဟုတ်ပါသလား။

ဆေးဘက်ဆိုင်ရာ အသိပညာ ပေးဆောင်းပါးတွေရေးသားတဲ့ Hello ဆရာဝန်က ဒေါက်တာ သူရိန်လှိုင်ဝင်းက Fact Crescendo Myanmar သို့ ဖြေကြားရာမှာတော့ “ပုံမှန်အားဖြင့်ဆိုရင်တော့ အစားအသောက်တွေက တစ်ခုနဲ့ တစ်ခု မတည့်ဘူးဆိုတာ မရှိဘူး။ ပုံမှန်အားဖြင့်ဆို ဘေးကင်းတယ်။ ဖြစ်နိုင်ခြေကတော့ နဂိုရောဂါအခံ တစ်ခုခုရှိရင်ရှိ ဒါမှမဟုတ်ရင် ပိုးမွှားတွေ ကပ်ညှိနေတဲ့အစားအသောက်တွေ စားမိချင်စားမိ၊ အဲဒီနှစ်ခုကြောင့်ပဲ ကျွန်တော်တို့ အစားအသောက်ကနေ ပြဿနာတက်တာဖြစ်နိုင်တယ်” လို့ ရှင်းပြထားပါတယ်။

Fact Crescendo ရဲ့ “ဒီအစားအသောက်နှစ်ခု အတူစားမိရင်သေတယ်ဆိုတာ မဟုတ်ပါ” ဆိုတဲ့ ဖော်ပြချက် အပြည့်အစုံကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဩဇာသီးရဲ့ စားသုံးခြင်းအကျိုးနဲ့ သတိပြုစရာ

ဩဇာသီးဟာ အဆီဓာတ်၊ ပရိုတင်းဓာတ်၊ ကာဘိုဟိုက်ဒရိတ်နဲ့ သံဓာတ် စတဲ့ အာဟာရဓာတ်တွေ ပါဝင်တာကြောင့် နှလုံးသွေးကြော ကျန်းမာရေး၊ မောပန်းနွမ်းနယ်တာ၊ ဦးနှောက်နဲ့ အဆစ်ကျန်းမာရေး စတာတွေအတွက် အထောက်အကူပြုပါတယ်။

ဩဇာသီးအကျိုးကျေးဇူးတွေကို Hello ဆရာဝန် ဝက်ဘ်ဆိုက်မှာ “ဩဇာသီးစားရင်း ကျန်းမာကြမယ်” ဆိုတဲ့ ခေါင်းစဉ် ဖော်ပြထားတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ဒါ့အပြင် ဩဇာသီးဟာ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် သန္ဓေသား အာရုံကြောကျန်းမာရေးအတွက် စာသုံးပေးသင့်တယ်လို့ Fame က ဒေါက်တာခင်မောင်လွင်က ရေးသားထားပါတယ်။

ဩဇာသီးနဲ့ ပတ်သက်လို့သတိထားရမှာတော့ ဆီးချိုရောဂါရှိသူတွေပါ။ ဆီးချိုလက္ခဏာရှိတဲ့ သူတွေကတော့ ဩဇာသီးဟာ အချိုဓာတ်များတဲ့အသီးဖြစ်တာကြောင့် ဆီးချို၊ သွေးချိုပုံမှန် ဖြစ်နေချိန်မှာတောင် တစ်နေ့ တစ်လုံးလောက်ပဲ စားသင့်တယ်လို့ ဒေါက်တာခင်မောင်လွင်က ရေးသားထားပါတယ်။

ဒေါက်တာ ခင်မောင်လွင် ရေးသားထားတဲ့ “ဩဇာသီးနှင့် သိမှတ်ဖွယ်ရာများ” အကြောင်း အပြည့်အစုံကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

Hello ဆရာဝန်ကလည်း ဩဇာသီးက ကျန်းမာရေးအတွက် အကျိုးများတယ်ဆိုပေမယ့် ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီးမှ စားသင့်တယ်လို့ အကြုံပြုထားပါတယ်။

သံပရာရည်ရဲ့အကျိုးနဲ့ သတိပြုစရာ

သံပရာရည်ကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဗီတာမင် စီနဲ့ citric acid ထောက်ပံ့ပေးနိုင်ပါတယ်လို့ Hello ဆရာဝန်က ရေးသားဖော်ပြထားပါတယ်။

ခန္ဓာကိုယ် တစ်ရှူးတွေ မပျက်စီးအောင် ဗီတာမင် စီက တားဆီးပေးနိုင်ပြီး ပရိုတင်း၊ အဆီဓါတ်၊ ကာဘိုဟိုက်ဒရိတ် နဲ့ DNA အစရှိတဲ့ မော်လီကျူးတွေ ထိခိုက်မှာကိုလည်း ကာကွယ်ပေးတယ်လို့ ဖော်ပြပါတယ်။

နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်သလို ကြွက်သား၊ အရွတ်၊ အရေပြားနဲ့ ကိုယ်တွင်းအင်္ဂါတွေ သန်စွမ်းဖို့ အားဖြည့်ပေးနိုင်တဲ့ တွယ်ဆက်တစ်ရှူး တမျိုးဖြစ်တဲ့ collagen ဓါတ်ကိုလည်း ပေးစွမ်းနိုင်ပါသေးတယ်။

ဒါပေမဲ့ သံပုရာရည်ကို အလွန်အကျွံသောက်မယ်ဆိုရင်တော့ သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်သလို သွားကြွေလွှာတွေကို ပျက်စီးနိုင်တယ်လို့ ရေးသားထားပါတယ်။

အဲဒီအကြောင်းအရာနဲ့ ပတ်သက်လို့ Hello ဆရာဝန်က “သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားဖော်ပြထားတဲ့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သံပုရာသီးက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုပေမယ့် အများကြီး စားမိရင် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ရောဂါအခံရှိသူတွေ ကျန်းမာရေးအခြေအနေ တစ်ခုခုကြောင့် ဆေးသောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားသုံးပေးလို့ Hello ဆရာဝန် ဝက်ဘ်ဆိုက်က အကြံပြုရေးသားထားပါတယ်။

ဒီအကြံပြုချက်အပါအဝင် သံပရာသီးကပေးတဲ့ ကျန်းမာရေးအကြောင်း Hello ဆရာဝန်က ရေးသားဖော်ပြတာကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

တန်ဆေးလွန်ဘေး

ဩဇာသီးနဲ့ သံပုရာရည်တွဲသောက်လို့ မသေဘူးဆိုပေမယ့် အလွန်အကျွံစားသုံးတာနဲ့ ရောဂါအခံရှိနေတာတွေကြောင့် ဘေးဥပဒ် ဖြစ်တတ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။

အသီးတစ်ခုချင်းစီမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ဓာတ်တွေ အများကြီးရှိပေမယ့် တန်ဆေးလွန်းဘေး ဖြစ်တတ်တာကိုလည်း သတိပြုဖို့ လိုပါတယ်။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့လာတဲ့ အကြောင်းအရာတွေကို အလွယ်တကူမယုံမိဖို့လည်း Dawei Watch အနေနဲ့ အကြံပြုလိုက်ပါတယ်။

Dawei Watch ရဲ့ Fact Check ကဏ္ဍမှာ အခုဖော်ပြတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး စာဖတ်ပရိသတ်တွေအနေနဲ့ comment box မှာ မှတ်ချက်ပြုပေးနိုင်ပါတယ်။ ဒါ့အပြင် မိမိပတ်ဝန်းကျင်မှာ မြင်တွေ့ရလေ့ရှိတဲ့ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေး အယူအဆ အမှားတွေ၊ သတင်းအမှားတွေနဲ့ ပတ်သက်လို့ အချက်အလက် စစ်ဆေးပေးစေလိုရင် လည်း Dawei Watch ရဲ့ မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားဖို့ တိုက်တွန်းလိုပါတယ်။  

အယူအဆမှား၊ သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချီမှု၊ လိမ်လည်မှု စတာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထားတာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။