ကွမ်းသီးဈေး ထိုးကျပြီး တောင်သူများအခက်တွေ့

0
1156

မြိတ်ဒေသထွက် ကွမ်းသီးခြောက်ဈေးနှုန်းသည် ယခင်နှစ်ထက် ထက်ဝက်ကျော် ကျဆင်းနေသဖြင့် တောင်သူများ အခက်တွေ့နေရကြောင်း ကွမ်းစိုက်တောင်သူအချို့က ပြောသည်။

ယခုနှစ် နိုဝင်ဘာလတွင် ထွက်ရှိသည့် ကွမ်းသီးအခြောက် (အသစ်)‌ ဈေးသည် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်သာ ရရှိနေကြောင်း ကွမ်းစိုက်‌တောင်သူအချို့က ဆိုသည်။

ယခင်နှစ် နိုဝင်ဘာလတွင် ထွက်ရှိသည့် ကွမ်းသီးအခြောက် (အသစ်)‌ ဈေးသည် တစ်ပိဿာလျှင် ၄၀၀၀ ကျပ် အထိရရှိခဲ့ကြသဖြင့် ဈေးထိုးကျသွားကြောင်း ‌တောင်သူအချို့က ပြောဆိုသည်။

“အလုပ်သမားခတွေက မကျဘူး။ စရိတ်တွေက တစ်နှစ်ထက်တစ်နှစ် ပိုများလာတာ။ ကွမ်းသီးဈေးမရတော့ စားဖို့သောက်ဖို့လောက်ပဲ ကျန်တော့တာ” ဟု တနင်္သာရီမြို့ရှိ ကွမ်းသီး ဥယျာဉ်ခြံ ဆယ်ဧကပိုင်ဆိုင်သည့် တောင်သူတစ်ဦးက ပြောသည်။

၎င်းသည် ယမန်နှစ်က ကွမ်းသီးရောင်းရငွေ ကျပ်သိန်းခုနစ်ဆယ်ခန့်ရရှိခဲ့ပြီး အလုပ်သမားခ အပါအဝင် စရိတ်စကများ နုတ်အပြီး ကျပ်သိန်းသုံးဆယ်ကျော် ကျန်ခဲ့ကြောင်း ဆိုသည်။

ယခုနှစ်တွင် ကွမ်းသီးဈေးကျဆင်းလာသည့် ကွမ်းသီးဈေးနှုန်းအရ တစ်နှစ်လုံးတွင် ကျပ်သိန်း လေးဆယ်ခန့်သာ ကျန်ရှိနိုင်ပြီး စရိတ်စကများ နုတ်ပြီးပါက ကျပ်သိန်းနှစ်ဆယ်ဝန်းကျင်သာ ကျန်ရှိနိုင်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“ကျန်တဲ့ငွေက လက်ထဲမှာကျန်တာမျိုး မဟုတ်ဘူး။ ချေးထားငှာထားလို့ ပြန်ပေးရဦးမယ်။ မစုဆောင်းမိဘူး။ စားဖို့တစ်ခုတည်းအတွက် လုပ်နေရတဲ့သဘောဖြစ်နေတာပေါ့” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်မှစပြီး ကွမ်းသီးအဝယ်ဒိုင်တို့က တောင်သူတို့အား ကြိုတင်ငွေထုတ်ခြင်း မရှိတော့ကြောင်း တောင်သူအချို့က ဆိုသည်။

“ကြိုတင်‌‌ငွေလည်းမရဘူး။ ကွမ်းသီးဈေးကလည်း ထပ်ပြီးကျလာတာဆိုတော့ ရေရှည်အတွက် ရပ်တည်ဖို့ မလွယ်လှဘူး” ဟု မြိတ်မြို့နယ် မဇောကျေးရွာနေ တောင်သူတစ်ဦးက ပြောသည်။

ထို့အပြင် နယ်မြေမအေးချမ်းသည့် တနင်္သာရီမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် ကွမ်းသီးဝယ်သူ မရှိသဖြင့် ရသည့်ဈေးဖြင့် ထိုးရောင်းနေကြရကြောင်း တောင်သူအချို့က ပြောပြသည်။

ဒေသထွက် ကွမ်းသီးတို့အား စစ်ကိုင်းတိုင်း‌ဒေသကြီးရှိ တမူး-မိုးရေးနယ်စပ်ဂိတ်မှတဆင့် အိန္ဒိယနိုင်ငံသို့ တင်ပို့လေ့ရှိကြသည်။ အဆိုပါနယ်စပ်ဂိတ်မှာ ၂၀၂၂ နှစ်ကုန် ပိုင်းကပင် ပိတ်ထားသည်။

အိန္ဒိယသို့ တင်ပို့နိုင်ခြင်း မရှိသည့်အတွက် ကွမ်းသီးဈေးနှုန်းများ ကျဆင်းလာရခြင်းဖြစ်ကြောင်း ကွမ်သီးအဝယ်ဒိုင်အချို့က ပြောဆိုသည်။

“မနှစ်ကထွက်တဲ့ ကွမ်းသီးအဟောင်းတွေတောင် လက်ထဲပိုက်မိနေကြတုန်းပဲ။ အသစ် (ကွမ်းသီး) ထပ်ထွက်တော့ ဈေးထပ်ကျတာပေါ့” ဟု ကွမ်းသီးအဝယ်ဒိုင်တစ်ဦးက ပြောသည်။

မနှစ်က ထွက်ရှိကြသည့် ကွမ်းသီးအဟောင်းတို့သည် ကွမ်းသီးအဝယ်ဒိုင်တစ်ဦးတွင် ပိဿာချိန်သောင်းဂဏန်းမှ သိန်းဂဏန်းအထိ ရှိနေကြောင်း ၎င်းက ပြောပြသည်။

ထို့အပြင် ကွမ်းသီးအဟောင်းဈေးသည် တစ်ပိဿာလျှင် ၃၅၀၀ ကျပ်ကျော်ဈေးရှိရာမှ ၂၅၀၀ ကျပ်အထိ ဈေးကျဆင်းနေကြောင်း ယင်းဈေးကွက်ထံမှ သိရသည်။

မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ တနင်္သာရီ၊ ပုလောတို့တွင် ကွမ်းသီးအများဆုံးထွက်ရှိလေ့သည်။